နေပြည်တော် ၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံမှာ စစ်တပ်က ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုဖွဲ့စည်းပုံကို ပြောင်းလဲပြီးနောက်ပိုင်း အရပ်သားတွေအပေါ် ဖိနှိပ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ACLED က ဇူလိုင် ၂၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ် ဦးမင်းအောင်လှိုင်က အရပ်သားအသွင်ပြောင်းခဲ့မှုမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို စစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် စစ်ဆင်ရေးနည်းဗျူဟာတွေကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ ပါဝင်တဲ့ အထူးအဖွဲ့တွေကို ပစ်မှတ်တစ်ခုတည်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ဖို့ တာဝန်ပေးထားတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ပစ်မှတ်တစ်ခုတည်းကိုပဲ ထပ်တလဲလဲ တိုက်ခိုက်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုအရေအတွက် လျော့နည်းသွားပေမယ့် အရပ်သားတွေအပေါ် သေကြေမှုတွေ ပိုမို ဖြစ်ပွားစေသလို အခြေခံ အဆောက်အအုံတွေကိုလည်း များစွား ပျက်စီးဆုံးရှုံးစေတာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုတွေက အရင်ကနဲ့ ကွာခြားသွားတာမရှိပေမယ့် ရက် ၁၀၀ စီမံချက်အနေနဲ့ ရဲဝင်းဦးက တက်ခါစ တပ်ချုပ်ဖြစ်လို့ လုပ်ကွက်ပိုပြတဲ့ ပုံစံမျိုးလို့ သုံးသပ်ပါတယ်။

“အဓိကတော့ ရဲဝင်းဦး တပ်ချုပ်ဖြစ်ပြီးနောက်ပိုင်း မင်းအောင်လှိုင်နဲ့ တပ်ရဲ့အမိန့်ပေးမှုက ကွာသွားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် လက်တွေ့ဖြစ်စဉ်တွေအကုန်လုံးက မင်းအောင်လှိုင်က သူ့ရဲ့ ရက် ၁၀၀ စီမံချက်အနေနဲ့ပဲ ရဲဝင်းဦးကို ခိုင်းထားတာပေါ့။ နောက်တစ်ခုက စစ်တပ်ရဲ့ ပုံစံအရ တပ်ချုပ်အသစ်တွေက သူတို့လက်ထက်မှာ ပိုပြီးတော့ တပ်ချုပ်မှမဟုတ်ဘူး တပ်ရင်းအဆင့်မှာလည်း အဲဒီလိုပဲ။ တပ်ရင်းမှူးတစ်ယောက်ပြောင်းပြီဆိုရင် အရင်လူနဲ့ မတူတဲ့ ပိုပြီးတော့ ပြောင်းလဲတယ် ထူးခြားတယ်ဆိုတဲ့ဟာကို ပြချင်တဲ့ စိတ်ရှိတယ်။ အဲဒီစိတ်နဲ့ပဲ သူတို့က လုပ်ပြကြတာပေါ့။ အခုလည်း ရဲဝင်းဦးက တက်ခါစ တပ်ချုပ်အသစ်ဖြစ်တဲ့အတွက် လုပ်ကွက်ပိုပြတဲ့ ပုံစံမျိုးပေါ့” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေရှိနေတာကြောင့် စစ်ရေးအရ ပြင်းပြင်းထန်ထန် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖိအားပေးပြီး အထက်စီးကနေ တွေ့ဆုံဆွေးနွေးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဟာ ပြည်သူလူထုကနေ ပေါက်ဖွားလာတာဖြစ်လို့ အရပ်သားတွေကနေတဆင့် တော်လှန်ရေးအဖွဲ့တွေ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးလာအောင် စစ်ရေးအရ ဖိအားပေးတာလို့ သူက ထောက်ပြပါတယ်။

ACLED ရဲ့ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် ခြောက်လတာအတွင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၁၂ ခုထက်မနည်းရှိခဲ့ပြီး အရပ်သား ၄၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးမှုတွေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးဟာ အညာဒေသမှာ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် အခုနှစ်အတွင်း စစ်တပ်ရဲ့ နည်းဗျူဟာတွေဟာ အရပ်သားတွေအပေါ် ဖိနှိပ်တဲ့ ပုံစံတွေ ပြောင်းလဲသွားခြင်းသာဖြစ်ပြီး ဖိနှိပ်မှုရဲ့ ပြင်းထန်မှုတွေဟာ လျော့ကျသွားခြင်း မရှိကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

တဘက်မှာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တပ်စခန်းနေရာတွေကို ပစ်မှတ်ထားပြီး စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၆ ခုထက်မနည်းရှိခဲ့တာကြောင့် သေဆုံးသူ ၁၅၃ ဦး ရှိတယ်လို့ ACLED ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က တပ်ချုပ်သစ်လက်ထက်မှာ အရပ်သားတွေ အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို လေကြောင်းကနေ တိုက်ခိုက်မှုဟာ အကြောက်တရားသွင်းတာဖြစ်သလို လေတပ်ရဲ့ အဖျက်စွမ်းအားကို အစွမ်းကုန် အသုံးချလာတာလို့ သုံးသပ်ပါတယ်။

“ရဲဝင်းဦးလက်ထက်မှာ ပိုပြီးတော့ စစ်အင်အားပြတယ်၊ လေကြောင်းကနေ အုပ်ဖွဲ့ပြီးတော့ တိုက်ခိုက်တယ်။ အဓိကတော့ အရပ်သားပြည်သူတွေရော တော်လှန်ရေးတပ်တွေကိုပါ အကြောက်တရားသွင်းတာပေါ့။ ပြောရမယ်ဆိုရင် သူတို့ရဲ့ စစ်အင်အားပြသပြီးခါမှ လေတပ်ရဲ့ အဖျက်စွမ်းအား ရှိသမျှကို အစွမ်းကုန် အသုံးချလာတာပေါ့။ ကျွန်တော်တို့ ပြောရမယ်ဆိုရင် ပြည်တွင်းစစ်ပုံစံမျိုးမဟုတ်တော့ဘဲ ကျူးကျော်စစ်ပေါ့ အခြားသော နိုင်ငံတစ်ခုနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ပုံစံမျိုး အသွင်ကိုဆောင်ပြီးတော့ တိုက်ခိုက်လာတာပေါ့။ ပြီးရင် တော်လှန်ရေးတပ်တွေဘက်က လေကြောင်းရန်ကာကွယ်ရေးစနစ်မရှိဘူးဆိုတာ သေချာတဲ့ နေရာမျိုးတွေမှာ ရဲရဲတင်းတင်းလုပ်လာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်”လို့ ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ မြန်မာအင်တာနက်ပရောဂျက် MIP ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဧပြီကနေ ဇွန်အတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၅၂၀ ကြိမ်ရေထက်မနည်း ရှိခဲ့ပြီး အရပ်သားပြည်သူ ၃၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း ၇ ခုနဲ့ စစ်ဘေးရှောင်စခန်း ၅ ခုလည်း ပျက်စီးခဲ့ရပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းဟာ တိုက်ပွဲပြင်းထန်တဲ့ စစ်ကိုင်းတိုင်းအပါအဝင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တာပါ။

ဒါဟာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်တာဝန်ကို စတင်တမ်းဆောင်တဲ့ သုံးလအတွင်း စစ်တပ်က ဆုံးရှုံးနယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ရေးအတွက် ထိုးစစ်ဆင်နေတဲ့ ဒေသတွေမှာ ဝေဟင်အားကို အလွန်အကျွံအသုံးပြုထားတာလို့ MIP က ထောက်ပြထားပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ၅၈ မြို့နယ်မှာ အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို နောက်ထပ် ရက်ပေါင်း ၉၀ သက်တမ်းတိုးမှုကို စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.