မြဝတီ ဇူလိုင် ၃၀

အာဏာသိမ်း စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်စောမုတ်သုန်ကို ထိုင်းအစိုးရက လူကုန်ကူးမှုနဲ့ စွဲချက်တင်လိုက်ပြီး ဖမ်းဆီးဖို့အမိန့်ထုတ်ပြန်လိုက်တယ်လို့ ပေါက်ကြားလာတဲ့ အမိန့်ထုတ်ပြန်စာအရ သိရပါတယ်။

BGF အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးချုပ်စောမုတ်သုန်ကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ရက်စွဲနဲ့ ထိုင်းရာဇဝတ်တရားရုံးက အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးဌာန DSI ရဲ့ ပြစ်မှုဆိုင်ရာမှတ်တမ်းတွေအရ ဗိုလ်မှူးချုပ်စောမုတ်သုန်ဟာ လူကုန်ကူးမှုတွေ ကျူးလွန်ဖို့ တခြားသူတွေနဲ့ ပူးပေါင်းကြံစည်တာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းဖွဲ့ပြီး ထိုင်းနိုင်ငံအတွင်းထဲ ခေါ်ဆောင်တာ ဒါမှမဟုတ် ပြည်ပကို စေလွှတ်တာ၊ နစ်နာသူတွေကို မတရားဩဇာအာဏာအောက် ရောက်ရှိစေတာနဲ့ လူကုန်ကူးသူတွေကို ခိုလှုံဖို့နေရာ ပေးအပ်ကူညီတာစတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းက ဗိုလ်မှူးချုပ်စောမုတ်သုန်ကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းအမိန့်ထုတ်ပြန်ထားပေမယ့် တခြား BGF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စောချစ်သူကိုတော့ ဖမ်းဝရမ်းအမိန့် ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

BGF ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်စောချစ်သူ၊ ဗိုလ်မှူးချုပ်စောမုတ်သုန်တို့ဟာ ကရင်ပြည်နယ် မြဝတီမြို့နယ်ဒေသတွင်းမှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေဖြစ်ကြပြီး လက်ရှိအချိန်အထိလည်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

BGF လုံခြုံရေးယူထားတဲ့ ကျားဖြန့်နေရာတချို့ကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီး စီးနင်းခဲ့ပြပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်ဟာ ဟန်ပြစီးနင်းမှုသာဖြစ်ပြီး ဗိုလ်မှူးချုပ်စောမုတ်သုန်ရဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေက ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ မြဝတီသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဗိုလ်မှူးချုပ်စောမုတ်သုန်ဟာ စစ်တပ်ကို စစ်ရေးအကူအညီများစွာ ပေးနေသူတစ်ဦးဖြစ်ပြီး စစ်တပ်ရဲ့ မြဝတီမြို့တောင်ပိုင်းဒေသ ထိုးစစ်ဆင်မှုအတွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG/ SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.