ရေး၊ ဇူလိုင် ၂၉

မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာနဲ့ ကနင်ကမော့ကျေးရွာ အနီးပတ်ဝန်းကျင်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစလို့ အဲဒီကျေးရွာ ပတ်ဝန်းကျင်တွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးထားတာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးထားတဲ့ အာဏာသိမ်း စစ်တပ်ကို ဇူလိုင် ၂၆ ရက်နေ့မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကိုက ပြောပါတယ်။

စစ်တပ် စစ်ကြောင်းဟာ ဇူလိုင် ၂၉ ရက်နေ့အထိ စစ်ကြောင်းမပြန်ဆုတ်သေးဘဲ အောင်သာယာကျေးရွာအနီး ပတ်ဝန်းကျင်မှာ ဆက်လက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာ ဖြစ်ပါတယ်။

ရေးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ တစ်လလျှင် အနည်းဆုံး သုံးကြိမ်ထက်မနည်း စစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေသလို စစ်တပ်ဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။

တဖက်မှာလည်း ရေးဒေသခံတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် အမြဲလို စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.