မြဝတီ၊ ဇူလိုင် ၃၀

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မြဝတီ-ဝေါ်လေကားလမ်း သုံးထပ်ကွေ့ ဘုရားကုန်း လေကြောင်းဗုံးကြဲခံရတာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီတောင်ဘက် မင်းလက်ပံဖလူးဒေသအတွင်း ထိုးစစ်ဆင်နေတဲ့ စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ နေ့စဉ်ပြုလုပ်နေလေ့ရှိရာ မနေ့ ဇူလိုင် ၂၈ ရက်နေ့က မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ ဘုရားကုန်းကို ပစ်မှတ်ထားဗုံးကြဲသွားခဲ့တာပါ။

အာဏာသိမ်း စစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအဆောက်အဦး ထိခိုက်ပျက်စီးသွားခဲ့ပြီး ကျောင်းထိုင်ဆရာတော် တစ်ပါး ပျံလွန်တော်မူသွားပြီး အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဖလူးရွာအနီးက သုံးထပ်ကွေ့တောင်တက်လမ်းပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်တပ်က လေကြောင်းဗုံးကြဲမှုတွေ ပိုမိုလုပ်ဆောင်လာနိုင်ပြီး မြေပြင်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေကာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေလည်း ထပ်မံတိမ်းရှောင်ရွှေ့ပြောင်းနေရတယ်လို့ ဖလူးဒေသခံတစ်ဦးက ဆိုပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဖလူးရွာအနောက်ဘက် တောင်ကြားရှိ DKBA ကျားဖြန့်ဝန်းကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကျားဖြန့်လုပ်ကိုင်နေသူ ၇၀၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.