သထုံ၊ ဇူလိုင် ၃၀
သထုံမြို့ပေါ်ရပ်ကွက်တွေမှာ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးနဲ့ အာဏာသိမ်း စစ်တပ်က ၂ ရက်အတွင်း လူငယ် ၁၀ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပြီး ထိပ်တုံးခတ်ထားတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့တွေမှာ ပျုစောထီး ဖိုးထူးဦးဆောင်တဲ့ အဖွဲ့နဲ့စစ်တပ်အဖွဲ့တွေဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ညပိုင်းနဲ့နေ့ခင်းပိုင်းတွေမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်စီးနင်းသူတွေနဲ့ ညပိုင်းအလုပ်က ပြန်လာတဲ့လူငယ်တွေကို အိမ်စီးကားတွေနဲ့ပတ်ပြီး ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ဖိုးထူးတို့အဖွဲ့က အခွင့်အာဏာရသလို လိုက်ဖမ်းနေတာ ဖြစ်ပြီး အဖမ်းခံရတဲ့လူငယ်တွေကို စည်ပင်ရုံးနဲ့ဆောက်လုပ်ရေးရုံးနားက မိုးလေဝသရုံးဟောင်းမှာ ဖမ်းဆီးထားကြောင်းနဲ့ ထွက်ပြေးမှာစိုးလို့ ထိပ်တုံးခတ်ထားတဲ့အပြင် အစာလည်းမကျွေး၊ ရေလည်းမတိုက်ကြောင်း မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ ကြားလူငယ်တွေဖြစ်ပြီး နန်းခဲ၊ လိပ်အင်းရပ်ကွက်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
သထုံမှာ စစ်မှုထမ်းပေါ်တာဆွဲတာကို အာဏာသိမ်းစစ်တပ်လက်ပါးစေ ပြည်သူ့စစ် ဖိုးထူးက ဦးဆောင်လုပ်နေပြီး မကောင်းသတင်းနဲ့ကျော်ဇောလာတာကြောင့် PDF တွေ လာသတ်မှာစိုးရိမ်လို့ နေရာပြောင်းရွှေ့နေထိုင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားခံထားရတဲ့လူငယ်တွေကို ပြန်လွတ်လိုရင် တစ်ဦး ကျပ်သိန်း ၂၀၀ အထိ တောင်းခံနေပြီး မပေးနိုင်သူတွေကိုတော့ မော်လမြိုင်၊ မုပွန်ရပ်ရှိစစ်တပ်စစ်သားစုဆောင်းရေးနေရာကို ပို့ဆောင်နေတယ်လို့ ဆိုပါတယ်။
သထုံမှာ စစ်မှုထမ်းပေါ်တာဆွဲ၊ ငွေညှစ်နေတဲ့ ပျူစောထီး ဖိုးထူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်နိုင်၊ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး စိုးမင်းတို့ကို တော်လှန်ရေးအဖွဲ့တွေက အရေးယူရှင်းလင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
ဇွန် ၂၃ ရက်နေ့ကလည်း သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာထဲက ရွာခံ ၈ ဦးကို စစ်တပ်က ရွာထဲအထိ ဝင်ရောက်ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

