နယူးဒေလီ၊ ဇူလိုင် ၂၉

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာက သူ့အသက်အန္တရာယ်အတွက် စိုးရိမ်ရပေမယ့် ဒီဇင်ဘာလောက်မှာ သူ့နိုင်ငံကို ပြန်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ အေအက်ဖ်ပီ သတင်းဌာနသို့ ပြောလိုက်ပါတယ်။

“ကျွန်မ သတ်ဖြတ်ခံရကောင်းခံမှာပါ။ ကျွန်မ ဖမ်းဆီးခံရကောင်း ခံရမှာပါ။ကျွန်မ ထောင်ထဲကို သွားကောင်း သွားရမှာပါ” လို့ အသက် ၇၈ နှစ်အရွယ် ဟာဆီနာက အေအက်ဖ်ပီ သတင်းဌာနရဲ့ အီးမေးလ်နဲ့ ပေးပို့တဲ့ ခွေးခွန်းတွေကို အခုလိုမျိုး ဖြေဆိုလာတာပါ။

ကျွန်မရဲ့ ကံကြမ္မကို ကျွန်မ အပြည့်အဝ သတိပြုမိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြည်သူတွေက ကျွန်မကို တောင်းဆိုနေကြတာကြောင့် ကျွန်မ ပြန်သွားချင်ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဖြုတ်ချခံရပြီး သူ့ရဲ့ အုပ်စိုးမှု ၁၅ နှစ်ကြာကာလ အဆုံးသတ်သွားခဲ့ပြီးနောက် ဟာစီနာဟာ ရဟတ်ယာဉ်နဲ့ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပါတယ်။

သူကအာဏာကို ဆက်လက် ဖမ်းဆုပ်ထားဖို့ ကြိုးပမ်းနေချိန် နှိမ်နှင်းမှုတွေအတွင်း လူပေါင်း ၁၄၀၀ အထိ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

နိုဝင်ဘာလအတွင်း ဒါကာ တရားရုံးက ဟာဆီနာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကြိုးပေးသတိဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အဲဒီ ပြစ်ဒဏ်ဟာ ဥပဒေလို ဟန်ဆောင်ထားတဲ့ နိုင်ငံရေးအရ လက်တုံ့ပြန်မှု ဖြစ်တယ်လို့ ဟာဆီနာက တုံ့ပြန်ပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ အိန္ဒိယရှိ လျှို့ဝှက်နေရာ တစ်ခုမှာ နေထိုင်နေပြီး သူ့အနေနဲ့ ပြည်တော်ပြန်ဝင်ဖို့ ဘာဖိအားမှ မရှိဘူးလို့ ပြောပါတယ်။

ဟာဆီနာ ပြုတ်ကျပြီးနောက် တာဝန်ယူခဲ့တဲ့ ယာယီ အစိုးရလက်ထက်မှာ အိန္ဒိယ-ဘင်္ဂလားဒေ့ချ် ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။

ဒါကာ အစိုးရက ဟာဆီနာကို ပြန်လည် လွှဲအပ်ပေးဖို့ တရားဝင် တောင်းဆိုထားပေမယ့် နယူးဒေလီက စိစစ်ဆဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

အဲဒီ ကိစ္စဟာ သူမိခင်နိုင်ငံ ပြန်မယ့် ဆုံးဖြတ်ချက်နဲ့ ဆက်စပ်မှု မရှိဘူးလို့ မစ္စစ် ဟာဆီနာက ပြောပါတယ်။

အိန္ဒိယ အရာရှိတွေက ပြန်လည်လွှဲပြောင်းပေးရေး မိမိနဲ့ ဆွေးနွေးထားတာ မရှိပေမယ့် မိမိအနေနဲ့ ပြည်တော်ပြန်ဝင်ဖို့ ကိုယ်တိုင်ဆုံးဖြတ်တာ ဖြစ်တယ်လို့ သူက ပြောဆိုတာပါ။

ဟာဆီနာ အစိုးရဟာ ပြိုင်ဖက်တွေကို ဖိနှိပ်နှိမ်နှင်းတယ်၊ အတိုက်အခံ ပါတီတွေကို နှိမ်နှင်းတယ်၊ တရားရေးဆိုင်ရာ မသမာမှုတွေနဲ့ တဖက်သတ် ရွေးကောက်ပွဲတွေ ကျင်းပတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲထားတာ ကြာပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ စွပ်စွဲချက်တွေ အများကြီးဟာ နိုင်ငံရေးအရ လုပ်ဆောင်တဲ့ အစီအစဉ်တွေ ဖြစ်ကြောင်း တုံ့ပြန်ခဲ့တာပါ။

ဆန္ဒပြပွဲအတွင်း နှိမ်နှင်းမှုတွေကြောင့် လူသေဆုံးမှုတွေအတွက်လည်း သူက ပြန်တောင်းပန်တာ မရှိပါဘူး။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.