တိုကျို၊ ဇူလိုင် ၂၉

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာကြောင်း ဝန်ကြီးချုပ် ဆာနေး တာကာအိချီက ပြောပါတယ်။

လူတွေအများကြီး ပိတ်မိနေတဲ့ ကူမာမိုတိုဒေသရှိ ဈေးဝယ်စင်တာမှာ ရှာဖွေကယ်ဆယ်မှုတွေ ဆက်လက် လုပ်ဆောင်နေပြီး အဲဒီ ဈေးဝယ်စင်တာရဲ့ ဒုတိယထပ် ပြိုကျခဲ့တာ ဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

အဲဒီ ဈေးဝယ်စင်တာမှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ စာရင်းမရသေးသူတွေ အများကြီး ရှိတယ်လို့ ဂျပန် အရာရှိတွေက စောစောပိုင်းမှာ ပြောပါတယ်။

စက်ရုံတစ်ခုမှာလည်း မီးခိုးခေါင်းတိုင်ပြိုကျခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေဆဲ ဖြစ်ကြောင်း အရာရှိတွေက ပြောထားပါတယ်။

အင်အား ၆ ဒသမ ၈ အဆင့်ရှိတယ်လို့ အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့က ခန့်မှန်းထားတဲ့ ငလျင်ဟာ ကျူရှူကျွန်းကို ဗဟိုပြုပြီး ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၈ မိနစ်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လူပေါင်း ၁၀၀၀၀ နီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရကြောင်းနဲ့ ဒီအတောအတွင်း အိမ်ထောင်စုပေါင်း ၃၆၇၀၀ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေကြောင်း ကူမာမိတို အရာရှိတွေက ပြောပါတယ်။

ဝန်ကြီးချုပ်က သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ကယ်ဆယ်ရေး အချိန်လု ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်မှာ ငလျင်လှုပ်ခတ်မှုတွေအတွင်း မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ ပြတ်ရွှေ့ကြောင်းကြောင့် ကူမာမိုတိုဒေသမှာ အင်အား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပုံရကြောင်း ဂျပန် ပညာရှင်တွေက သုံးသပ်ထားပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလက အဲဒီ ဒေသမှာ အင်အား ၆ ဒသမ နဲ့ ၇ ဒသမ ၃ အဆင့်ရှိ ငလျင် နှစ်ကြိမ် နှစ်ရက်ခြားပြီး လှုပ်ခတ်မှုကြောင့် လူ ၂၇၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီ ငလျင်တွေဟာ ဖူတာဂါဝါနဲ့ ဟီနာဂူ ပြတ်ရွှေ့ကြောဇုံတွေနဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်က ငလျင်ဟာ ဟီနာဂူ ပြတ်ရွှေ့ကြောဇုံရှိ မပေါက်ကွဲသေးတဲ့ ပြတ်ရွှေ့ကြောကြောင့် ဖြစ်နိုင်တယ်လို့ တိုကျို တက္ကသိုလ် ငလျင် သုသေသန အင်စတီကျု့ဒ် သုတေသီ ဆာကာအီ ရှီနီချီက ပြောပါတယ်။

ဂျပန် မိုးလေဝသဌာနကတော့ ဇူလိုင် ၂၈ ရက် ငလျင်ဟာ အဲဒီ ပြတ်ရွှေ့ကြောတွေနဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိဘူးလို့ ဖော်ပြထားပါတယ်။

လူ ၃ ဦး သေဆုံးခဲ့တဲ့ Aeon Mall ဈေးဝယ်စင်တာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် ပြုလုပ်နေပါတယ်။

အဲဒီ အဆောက်အဦမှာ ပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ပြီး လူအများ ပိတ်မိနေတယ်လို့ ဒေသဆိုင်ရာ မီးသတ်ဌာနက စောစောပိုင်းက ပြောပါတယ်။

Aeon Mall ဈေးဝယ်စင်တာကနေ လူ ၈ ဦး ကယ်တင်ခဲ့ရတယ်လို့ ကူမာမိုတို ဒေသ ဆက်ဆံရေး အရာရှိ အကီနို ဆိုနိုဒါက ပြောပါတယ်။

အခုအချိန်မှာ အရာရှိတွေက ပျောက်ဆုံးနေသူ အရေအတွက်ကို စစ်ဆေးနေပြီး ပိတ်မိနေသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ရရှိဖို့ ကြိုးပမ်းနေပါတယ်။

ဇူလိုင် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ အင်အား ၆ ဒသမ ၈ အဆင့်ရှိတယ်လို့ အမေရိကန်က ပြောပေမယ့် ဂျပန် အရာရှိတွေကတော့ အင်အား ၇ ဒသမ ၁ အဆင့်ရှိတယ်လို့ ပြောထားပါတယ်။

ကူမာမိုတိုတောင်ပိုင်း ယတ်ဆူရှီရိုမြို့ရှိ စက္ကူ စက်ရုံ တစ်ခုမှာ မီးခိုးခေါင်းတိုင် ပြိုကျမှုကြောင့် လူ ၂ဦး သေဆုံးခဲ့ပြီး အခြား ၉ဦး ပျောက်ဆုံးနေပါတယ်။

ဒီလို ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက် သေဆုံးမှုတွေ ရှိနေပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်က ငလျင်လောက် မဆိုးဘူးလို့ ကိုယ်တိုင် ကြုံခဲ့ရသူတွေက ပြောဆိုထားပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.