မော်လမြိုင်၊ စက်တင်ဘာ ၂၀
မွန်ပြည်နယ်အတွင်းက မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းမှာ ရှိတဲ့ တရားမဝင် ရထားလမ်းကူးတွေကို ပိတ်သိမ်းဖို့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ညွှန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မြန်မာ့ မီးရထား လမ်းပိုင်းနဲ့ ပတ်သက်ပြီး ပေါင်မြို့နယ်နဲ့ သထုံမြို့နယ်ကို ကွင်းဆင်း စစ်ဆေးစဉ် အခုလို ညွှန်ကြားခဲ့တာပါ။
ပိတ်သိမ်းဖို့ ညွှန်ကြားတဲ့အထဲမှာတော့ မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ မော်လမြိုင်-သိမ်ဇရပ် ရထားလမ်းပိုင်းက တရားမဝင် ရထားလမ်းကူးတွေ၊ ပေါင်မြို့နယ်နဲ့ သထုံမြို့နယ်အတွင်းက တရားမဝင် ရထားလမ်းကူးတွေ ပါဝင်တယ်လို့ သိရပါတယ်။
အခုလို တရားမဝင် ရထားလမ်းကူးတွေကို ပိတ်သိမ်းခိုင်းတာဟာ တရားမဝင် ရထားလမ်းကူးတွေကြောင့် ယာဉ်မတော်တဆမှုတွေ မဖြစ်ပွားစေဖို့ ဖြစ်ပြီး တရားမဝင် ရထားလမ်းကူးတွေကို အမြန်ဆုံး ပိတ်သိမ်းဖို့ကိုလည်း ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားမဝင် ရထားလမ်းကူးတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားတက်တဲ့ အန္တရာယ်တွေကိုလည်း ဒေသခံ ပြည်သူတွေကို အသိပညာပေးတာတွေ ပြုလုပ်ဖို့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားခဲ့တာပါ။
ဒေသခံ တချို့ကတော့ အခုလို အရင်က ပုံမှန် သွားလာနေတဲ့ လမ်းတွေကို တရားမဝင် ရထားလမ်းကူးတွေဆိုပြီး ပိတ်သိမ်းဖို့ လုပ်ဆောင်တဲ့အတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နိုင်ပြီး လမ်းကူးတွေကို ပိတ်တာထက် ရထားသွားလာစဉ် အတားအဆီးဂိတ်တွေလိုမျိုး ပြုလုပ်ပေးစေချင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် စစ်အစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းကလည်း မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းမှာ မြန်နှုန်းမြင့် DEMU ရထား ပြေဆွဲဖို့အတွက် ဆိုကာ အဲဒီ လမ်းပိုင်းအတွင်းက တရားမဝင် ရထားလမ်းကူး ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းခဲ့ပါသေးတယ်။
ဒေသတွင်းက မြို့နယ်တွေထဲမှာတော့ ပေါင်မြို့နယ်ဟာ တရားမဝင် ရထားလမ်းကူးတွေ အများဆုံး ရှိတဲ့ မြို့နယ် ဖြစ်ပြီး နှစ်စဉ် ရထားတိုက်ခံရကာ သေဆုံးမှုတွေ ဒဏ်ရာ ရရှိမှုတွေ အဖြစ်များတဲ့ မြို့နယ် ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ မော်လမြိုင်ဘူတာကနေ သိမ်ဇရပ်ဘူတာ အထိ ရထား လမ်းကူးပေါင်း ၁၅၇ နေရာ ရှိပြီး အဲဒီထဲမှာတော့ တရားဝင် ရထားလမ်းကူးအနေနဲ့ ၁၆ နေရာသာ ရှိကာ ကျန်တဲ့ လမ်းကူးတွေဟာ တရားမဝင် ရထားလမ်းကူးတွေ ဖြစ်တယ်လို့ စစ်အစိုးရက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

