မြဝတီ၊ စက်တင်ဘာလ ၂၀

ကရင်ပြည်နယ် မြဝတီမြို့ကို ကုန်တင်ယာဉ်အလွတ်တွေ တက်ခွင့်ပိတ်ထားတယ်လို့ ကုန်တင်ယာဉ်မောင်း တွေထံကနေ သိရပါတယ်။

အခု စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ မြဝတီမြို့အတွင်းကို ကုန်တင်ထားတဲ့ ယာဉ်တွေကိုသာ ဝင်ခွင့်ပြုပြီး ကုန်မပါတဲ့ ကုန်တင်ယာဉ်အလွတ်တွေကို ဝင်ခွင့်မပေးဘူးလို့ ဆိုပါတယ်။

ကုန်ပါတဲ့ ကုန်ကားတွေသာ တက်လို့ရပြီး ကုန်မပါတဲ့ကားတွေ အားလုံးကို ပြန်လွှတ်နေကြောင်း၊ အခုလိုလုပ်ဆောင်မှုကြောင့် ကုန်သည်တွေနဲ့ ကားသမားတွေ အဆင်မပြေဖြစ်ကြရပြီး ဂိတ်တွေကသာ ဝင်ငွေပိုရလာကြကြောင်း ကုန်တင်ယာဉ်မောင်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်ဘက်နေ မြဝတီဘက်ကို ကုန်မပါဘဲ ယာဉ်ကြီးပဲ တက်လာတဲ့ ကုန်တင်ယာဉ်တွေကို တံတားကျိုး စစ်ဆေးရေးဂိတ်ကနေ ပြန်လှည့်ခိုင်းပြီး လုံးဝအဝင်မခံဘူးလို့ ဆိုပါတယ်။

အခုလို ကုန်မပါတဲ့ ခါလီကုန်တင်ယာဉ်တွေကို မြဝတီအဝင်မခံဖို့ စစ်အစိုးရခန့် ဒုသမ္မတ ဦးညိုစောက အမိန့်ထုတ်ထားတာလို့ သိရပြီး တရားမဝင်ကုန်စည်တားဆီးဖို့ အကြောင်းပြချက်နဲ့ ထုတ်ထားတာလို့ သိရပါတယ်။

အဲဒီ အမိန့်ကြောင့် ခါလီတက်လာတဲ့ ကုန်တင်ယာဉ်တွေက ကော့ကရိတ်မှာ သဲနဲ့ဖွဲတွေကို ယာဉ်တွေပေါ် တင်ဆောင်လာပြီး တံတားကျိုးစစ်ဆေးရေးဂိတ် တာဝန်ကျ ဝန်ထမ်းတွေကို ပိုက်ဆံပေးကာ ဖြတ်နေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အသွင်ပြောင်း အစိုးရကတော့ ထိုင်းနိုင်ငံဘက်ကနေ အခွန်မဆောင်ဘဲ ဝင်လာတဲ့ ကုန်စည်တွေ တားမြစ်နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး တားမြစ်နေပေမယ့် အောက်ခြေ စစ်ဆေးရေးဂိတ် တာဝန်ကျ ဝန်ထမ်းတွေကတော့ လာဘ်ငွေတွေ မတရားရယူကာ ထိုင်းကုန်စည်တင်ကားတွေကို လွှတ်ပေးနေတာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.