နေပြည်တော် ၊ စက်တင်ဘာ ၂၀

အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရက အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးပါတီများအစုအဖွဲ့ကို ကြားခံပြီး တော်လှန်ရေးအင်အားစုတွေကို ဆက်သွယ်စည်းရုံးဖို့ အားထုတ်ကြိုးပမ်းလာပါတယ်။

စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ငြိမ်းချမ်းရေး ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်တို့ နေပြည်တော်မှာ စက်တင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့က နှစ်ရက်တာ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ၃၂ ပါတီက ဥက္ကဋ္ဌ‌တွေ၊ ဒုဥက္ကဋ္ဌတွေ၊ အထွေထွေအတွင်းရေးမှူးတွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။

NSPNC အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေး လုပ်ငန်းစဉ်တွေ ‌ဖော်ဆောင်ရာမှာ နိုင်ငံရေးပါတီတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီလိုမျိုး တွေ့ဆုံမှုဟာ ဒုတိယအကြိမ် ဖြစ်ပြီး NSPNC နဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ဖို့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အမြဲတမ်းအလုပ်အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးနဲ့ အလှည့်ကျကိုယ်စားလှယ် ၁၆ ဦးတို့ကို ရွေးချယ်ပြီး အတည်ပြုခဲ့ကြတာပါ။

နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင်ကိုတော့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ရွေးချယ်အတည်ပြုထားတဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကိုတော့ စစ်အစိုးရဘက်က အသိပေးထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

အခုလို နိုင်ငံရေးပါတီများအစုအဖွဲ့ကို ဖွဲ့စည်းတာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကို အစုအဖွဲ့သုံးခုနဲ့ ပြန်လည်ဖွဲ့စည်းနိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းလာတာလို့ နားလည်ရပါတယ်။

အကြောင်းကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူမျိုးအလိုက်ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအပါအဝင် နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို UPDJC က မူဝါဒတွေ ချမှတ်ပြီး ဦးဆောင်ပေးရတာပါ။

UPDJC ကို ပြန်လည်စုဖွဲ့နိုင်ဖို့ဆိုရင် နိုင်ငံရေးပါတီများအစုအဖွဲ့အပြင် အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်တို့ ပေါင်းထားတဲ့ အစုအဖွဲ့နဲ့ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့တို့လည်း ပါဝင်ရမှာ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက အရင်အစိုးရလက်ထက်တွေမှာ NCA ကို အခြေခံပြီး အ‌ကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်အစိုးရက ဆက်လုပ်ချင်တာဖြစ်ပေမယ့် အခြေအနေချင်း မတူဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုး တကယ့် ပဋိပက္ခတွေ များနေတဲ့အချိန် ပဋိပက္ခတွေကို သူတို့ဘက်က လုံးဝ လျှော့ပေးတဲ့ ပုံစံမျိုး မရှိတဲ့အချိန်မှာတော့ ကျွန်တော်ထင်တာ တက်လာတဲ့ အစိုးရကလည်း အားလုံးသိတဲ့အတိုင်း တစ်နိုင်ငံလုံးကို မလွှမ်းခြုံဘူး။ရွေးကောက်ပွဲကလည်း ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲမဟုတ်ခဲ့ဘူး။ ဒီအခြေအနေတွေကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို တော်လှန်ရေးအဖွဲ့အစည်းတွေက အယုံအကြည်ရှိမှာတော့ မဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ဆွေးနွေးပွဲကတော့ ယခင် NCA ပုံစံအတိုင်း လုပ်မယ်ဆိုရင်တော့ ဒါက အောင်မြင်နိုင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်က သုံးသပ်မိပါတယ်”လို့ ဆိုပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ စစ်အစိုးရအဖြစ် အသွင်ပြောင်းထားတဲ့ လက်ရှိအချိန်အထိ စစ်တပ်က အရပ်သားပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေသလို တော်လှန်ရေးအင်အားစုတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နည်းမျိုးစုံ ဖိအားပေးနေတာလို့ နိုင်မွန်စိုင်းက ထောက်ပြပါတယ်။

တွေ့ဆုံပွဲမှာ လက်နက်ကိုင်တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့နဲ့ NCA ရေးထိုးပြီး အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေး နိုင်ငံရေးပါတီတွေက ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း ပြောပါတယ်။

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေကို နဂိုအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နေထိုင်ရာ ဒေသတွေမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆွေးနွေးပေးစေလိုတယ်လို့ သူက ဆိုပါတယ်။

တဖက်မှာ နိုင်ငံရေးပါတီတွေနဲ့ အရင်ဆွေးနွေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ အပါအဝင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်နိုင်ရေးကိစ္စရပ်တွေကို ဆွေးနွေးပေးစေလိုတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားထားတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲက အရင်အစိုးရနှစ်ဆက် အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးကို ပြန်လည်ရောက်ရှိဖို့နဲ့ အာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့ နိုင်ငံရေးအရ ဖိအားပေးတာလို့ သုံးသပ်ကြပါတယ်။

နှစ်ရက်တာ ဆွေးနွေးချက်တွေထဲက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုတွေရဲ့ ဆက်သွယ်မှု၊ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားလိုအပ်ချက်တွေ စတဲ့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

ဒ့ါအပြင် အရင် ငြိမ်းချမ်းရေးယန္တရားကနေ အတွေ့အကြုံရှိသူတွေကို ပြန်လည်အသုံးချနိုင်ရေး၊ နိုင်ငံတကာနဲ့ သံတမန်ရေးရာဆက်ဆံမှုဆိုင်ရာတွေ၊ လက်ရှိ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့သစ်တွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးထားတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်အစိုးရအနေနဲ့ သူတို့သွားချင်တဲ့ အခင်းအကျင်းအတွက် မူဘောင်ထဲကနေ ဖယ်ကျဉ်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေကို နိုင်ငံရေးပါတီတွေကနေတဆင့် ဆက်သွယ်ခိုင်းတာလို့ သုံးသပ်ပါတယ်။

“အခု နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ဖွဲ့ပြီးတော့ ဆွေးနွေးတဲ့နေရာမှာလည်း သူတို့ရဲ့ ဥပဒေဘောင်ထဲက ဆိုတာမျိုး သူတို့ လုပ်ထားတဲ့ ဘောင်ထဲက ရှိတဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအရ အသုံးချတာပဲ ဖြစ်တယ်။ ဘယ်လိုအသုံးချသလဲဆိုတော့ ဆွေးနွေးဖက်မဟုတ်ဘူးဆိုပြီး ဖယ်ကျဉ်ထားတဲ့ ဒုတိယအဆင့် အဖွဲ့တွေလို့ သူတို့ ယူဆတဲ့ အဲဒီဖွဲ့တွေကို (NUG/PDF နဲ့ လက်နက်ကိုင်အဖွဲ့သစ်တွေ) နိုင်ငံရေးပါတီတွေကနေဆင့် ဆက်သွယ်ပြီး သူတို့က တိုက်ရိုက်မတွေ့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်။ ဆိုတော့ နိုင်ငံရေးအရ တဆင့်နှိမ်ထားတယ်၊ နိုင်ငံရေးအရ အသုံးချတယ်။ အဓိကတော့ သူတို့ လိုချင်တဲ့ အခင်းအကျင်းကို သွားချင်တဲ့အတွက်ပေါ့”လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အတွင်း စတင်ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားတာပါ။

ဒါပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တခြား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ် သဘောမထားဘဲ ဖယ်ကျဉ်ထားတာ ဖြစ်ပါတယ်။

တဖက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ အာရက္ခတပ်တော် AA နဲ့ တော်လှန်‌ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ စစ်အာဏာရှင်စနစ်ကို ဆက်လက် တိုက်ဖျက်တွန်းလှန်နေကြတာပါ။

ဒီအခြေအနေမှာ NSPNC ကတော့ အရင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး လက်ရှိနိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မူဘောင်၊ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဦးတည်ချက်၊ အသွင်ကူးပြောင်းရေး မဟာဗျူဟာနဲ့ ယုံကြည်မှုတည်ဆောက်ရေးတို့ကို နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးခဲ့တာပါ။

နိုင်ငံရေးပါတီ ၃၂ ပါတီက ကိုယ်စားလှယ်တွေကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ရေး၊ နိုင်ငံရေးပါတီတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်မယ့် နည်းလမ်းတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်နိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့နဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ မပါဝင်လာသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမှုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ၊ Bilateral တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ရေးကို ဖော်ဆောင်နိုင်ဖို့ကိုလည်း အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်မ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.