ဘီးလင်း၊ စက်တင်ဘာ ၂၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၄၀ နီးပါး ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးဟာ ကြသောင်းဆိပ်ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး လေးလုံး လာရောက်ကြဲချသွားတာပါ။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ပညာရေးဌာနက ဖွင့်လှစ်ထားတဲ့ အမက နဲ့ မူလွန်စာသင်ကျောင်း နှစ်ကျောင်းက စာသင်ဆောင် ၄ ဆောင်နဲ့ နေအိမ် ၃၈ လုံး ပျက်စီးခဲ့ပါတယ်။
လေကြောင်းဗုံးကြဲခံရတာကြောင့် စာသင်ကျောင်း နှစ်ကျောင်း ယာယီကျောင်းပိတ်ထားရပြီး ဒေသခံပြည်သူတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က လေကြောင်းဗုံးကြဲမှုဟာ ကျေးရွာမှာ ပြည်သူတွေ မနေနိုင်အောင်နဲ့ ကလေးတွေ စာသင်လို့ မရအောင် စာသင်းကျောင်းကို တမင်သက်သက်တိုက်ခိုက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ် လေကြောင်းဗုံးကြဲခဲ့တဲ့ ကြသောင်းဆိပ်ကျေးရွာဟာ KNU တပ်မဟာ (၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေက ကျေးရွာ ဖြစ်ပြီး ကြသောင်းဆိပ်ဒေသခံတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မကြာခဏ ဆိုသလို တိမ်းရှောင်နေရပါတယ်။
ဒါပေမယ့် ဒီတစ်ကြိမ် ဗုံးကြဲမှုမှာတော့ ကြသောင်းဆိပ်ရွာက နေအိမ်အများအပြား ပျက်စီးခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေရေးထိုင်ရေးအတွက်ပါ အခက်အခဲ ရှိလာတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ KNU တပ်မဟာ (၁) သထုံခရိုင်ရဲ့ အုပ်ချုပ်နယ်မြေက ကျေးရွာတွေကို လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေ အမြဲလို လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

