ထားဝယ်၊ စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့ဝင် မြို့ထွက်ဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေအပြင် မြို့ပေါ်ရပ်ကွက်တွေမှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ လူငယ်တွေကို ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင် စစ်ပြီး ဖမ်းဆီးတာတွေရှိသလို အလုပ်သွား အလုပ်ပြန်အချိန်မှာလည်း ဖမ်းဆီးတာတွေ ရှိတယ်လို့ မြို့ခံ အမျိုးသမီးတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မူးယစ်မှုနဲ့ ငြိစွန်းပြီး ဖမ်းဆီးခံရတဲ့ အမျိုးသားတွေကိုလည်း အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းထဲ သွားမလား တရားစွဲခံမလားဆိုပြီး ရွေးချယ်ခိုင်းကာ စစ်မှုထမ်းစုဆောင်းနေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ထားဝယ်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ပွဲလမ်းသဘင်တွေလုပ်ပေးကာ အဲဒီက ပြန်လာတဲ့ လူငယ်တွေကို လမ်းမှာစောင့်ပြီး ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် လူငယ်အများစု အပြင်ထွက် သွားလာဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး ည ၇ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ အပြင်ထွက်သွားလာသူ မရှိသလောက် နည်းပါးသွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ထားဝယ်မြို့ အထွက် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ အာဏာသိမ်းစစ်တပ်က လူငယ် ၆ ဦးကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

