သထုံ၊ စက်တင်ဘာ ၂၂
မွန်ပြည်နယ် သထုံမြို့နယ် ဆင်ဖြူကျွန်းကျေးရွာနဲ့ သထုံမြို့သွားလမ်းပေါ်က ရထားလမ်းကူးမှာ ရထားတိုက်မှုဖြစ်တဲ့ လမ်းကူးကို ပိတ်လိုက်တာကြောင့် ကျေးရွာ နှစ်ရွာက ပြည်သူတွေ သွားရေးလာရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ဆင်ဖြူကျွန်းကျေးရွာနဲ့ သထုံမြို့ကို ကူးတဲ့ မီးရထားမိုင်တိုင်အမှတ် ၁၃၆/၂ နဲ့ ၁၃၆/၄ ကြား ကျေးရွာချင်းဆက် ရထားလမ်းကူးမှာ အမှတ် ၈၁ အဆန်အမြန်ရထားနဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မိခဲ့ပြီး ယာဉ်မောင်းဒဏ်ရာရပြီးနောက် ညနေပိုင်းမှာ ရထားလမ်းကူးနေရာကို ရထားသံလမ်းနဲ့ အသေပိတ်လိုက်တယ်လို့ ဆိုပါတယ်။
ရထားလမ်းကူးနေရာ အပိတ်ခံရတာကြောင့် ပေါ်တော်မူကျေးရွာအောက်ပိုင်းနဲ့ ဆင်ဖြူကျွန်းကျေးရွာတို့က ကျောင်းသူကျောင်းသားတွေအပါအဝင် ဒေသခံတွေ အားလုံး သွားရေးလာရေး အခက်အခဲ ဖြစ်နေကြတာပါ။
ရွာခံတွေကတော့ ပိတ်ထားတဲ့လမ်းကို ပြန်ဖွင့်ပေးဖို့ လိုလားနေသလို နောက်ထပ် အန္တရာယ်မဖြစ်အောင်လည်း တာဝန်ရှိသူတွေ စီစဉ်ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။
အဲဒီရထားလမ်းကူးကနေ ကျေးရွာနေပြည်သူတွေ ဖြတ်သန်းသွားလာနေကြတာ နှစ်ပေါင်း ၃၀ ထက်မနည်း ရှိပြီး ဆင်ဖြူကျွန်းရွာကနေ သထုံမြို့ကို သွားလာလို့ရမယ့် အခြားပတ်လမ်းလည်းမရှိဘူးလို့ ဆိုပါတယ်။
ပိတ်ထားတဲ့ လမ်းကနေ ပေါ်တော်မူကျေးရွာအောက်ပိုင်း၊ ဆင်ဖြူကျွန်းကျေးရွာက လူဦးရေ ၁၉၀၀ ကျော်ဟာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကိစ္စတွေအတွက် နေ့စဉ် အသုံးပြုသွားလာနေကြရသလို ကျေးရွာတွေအနီးရှိ လယ်မြေဧက ၆၀၀၀ ကျော်က ထွက်ရှိတဲ့ စပါးတွေကိုလည်း အဲဒီလမ်းကနေပဲ သယ်ဆောင်သွားလာနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် သထုံမြို့ပေါ်ရှိ အထက၊ အလက ကျောင်းတွေကို အဲဒီကျေးရွာတွေကနေ ကျောင်းသားကျောင်းသူ ၁၀၀ ကျော်ဟာ နေ့စဉ် ကျောင်းတက်ကျောင်းပြန်လုပ်နေကြရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

