မော်လမြိုင် ၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ယာဉ်မောင်းတွေအပေါ် အကြောင်းအမျိုးမျိုးပြပြီး ငွေရှာ ကြမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယာဉ်ထိန်းရဲတွေဟာ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းထိန်းသိမ်းရေး ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းဆုံလမ်းခွ နေရာတွေ၊ မီးပွိုင့်နေရာတွေ၊ မြို့ဝင် မြို့ထွက် နေရာတွေအပြင် မထင်မှတ်တဲ့နေရာတွေမှာ ယာဉ်မောင်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

ယာဉ်စစ်ဆေးတဲ့ နေရာမှာလည်း ကားတွေကို ယာဉ်လိုင်စင်၊ လူလိုင်စင် စစ်ဆေးသလို အိုးဝေတွေကို ယာဉ်လိုင်စင်၊ လူလိုင်စင်အပြင် အငှားယာဉ် ဖြစ်ပါက လုပ်ငန်း လိုင်စင်၊ လူအပိုတင်ဆောင်တာ ရှိမရှိနဲ့ ပစ္စည်းတင်ဆောင်ပါက ဝန်ပိုတင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေညှစ်တာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

အိုးဝေ ယာဉ်မောင်းတစ်ဦးကတော့ ယာဉ်ထိန်းရဲတွေဟာ လိုင်စင် အထောက်အထား အပြည့်အစုံ ပါတာတောင် လူပိုတင်ရင် ဖမ်းဆီးတာ ရှိသလို ပစ္စည်း အများအပြား တင်ပါကလည်း ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အိုးဝေက ခရီးသည်က အနောက်မှာ သုံးယောက် အရှေ့မှာ ဒရိုင်ဘာ တစ်ယောက် ဒါပဲ၊ အ‌ရှေ့ ခရီးသည် လူပိုတင်လို့ မရဘူး။အရှေ့ လူတင်တာကို ယာဉ်ထိန်းရဲနဲ့ တိုးရင်တော့ ဖမ်းတာပေါ့၊ ပစ္စည်းက များများစားစားကျရင် ဒီကောင်တွေက ရစ်ချင်တဲ့ အခါကျရင် ကောက်ရစ်တယ်။တစ်မှုကို ၃၀၀၀၀/၃၅၀၀၀) ပေးရတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ယာဉ်ထိန်းရဲတွေဟာ လိုင်စင် အပါအဝင် အထောက်အထား အပြည့်အစုံပါလည်း တစ်နည်းနည်းနဲ့ အပြစ်ရှာပြီး ငွေညှစ်တာတွေ ရှိသလို ချက်ချင်း ငွေမပေးနိုင်ပါက ချလံ ဖြတ်ပြီး တရားရုံးမှာ ဒဏ်ငွေ ဆောင်ခိုင်း တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာလည်း ယာဉ်ထိန်းရဲတွေဟာ ဆိုင်ကယ်တွေကိုလည်း ယာဉ်လိုင်စင်၊ လူလိုင်စင်၊ နံပါတ်ပြား၊ မှန်ထောင်၊ ဦးထုပ် ဆောင်းမဆောင်းတွေကအစ စစ်ဆေးတာတွေ ပြုလုပ်နေပြီး တစ်ခုခု လိုအပ်ပါက အနည်းဆုံး ကျပ် ၃၅၀၀၀ ကနေ ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ တောင်းခံတာတွေ ရှိနေပါတယ်။

လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တွေ ဖမ်းဆီးရမိပါကလည်း ဆိုင်ကယ် အမျိုးအစားပေါ် မူတည်ကာ ငွေကြေး အဆမတန် တောင်းခံတာရှိပြီး ငွေကြေး မပေးနိုင်ပါက မော်တော် ဆိုင်ကယ်ကို သိမ်းတဲ့အပြင် လူကိုပါ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

အရင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တစ်ခုခု ဖောက်ဖျက်မှု ကျူးလွန်ပါက ယာဉ်ထိန်းရဲတွေဟာ ချလံ ဖြတ်ပေးပြီး တရားရုံးမှာ ငွေဒဏ် ဆောင်ခိုင်းပေမယ့် လက်ရှိ ချက်ချင်း ပေးဆောင်ရတာကြောင့် သူတို့ အတွက်သာ ငွေရှာနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.