နေပြည်တော် ၊ စက်တင်ဘာ ၂၂

စစ်တပ်ကျော‌ထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ညီလာခံကနေ ပါတီထိပ်ပိုင်းရာထူးတွေကို လူဟောင်းတွေကပဲ နေရာပြန်ရပြီး အာဏာသိမ်းမှုကို ဦးဆောင်သူ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်လည်း ပါတီဝင်ဖြစ်လာပါတယ်။

အပိုင်းလိုက်ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ စတုတ္တကြိမ် ညီလာခံကို စက်တင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့က နေပြည်‌‌တော်ရှိ ပါတီဌာချုပ်မှာ ကျင်းပခဲ့ပြီး ပါတီဗဟို‌ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာပါ။

ညီလာခံမတိုင်ခင် ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာတွေမှာ အပြောင်းအလဲ ဖြစ်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ပါတီဥက္ကဌအဖြစ် ဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်းတို့ပဲ ပြန်လည်ရွေးချယ်ခံရပါတယ်။

ဒါ့အပြင် တတိယကြိမ် ညီလာခံကနေ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးသောင်းအေးက လက်ရှိမှာ ဒုဥက္ကဋ္ဌ ဖြစ်လာသလို တွဲဘက်အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးတင်အောင်ချစ်လည်း အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။

ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးကိုတော့ တပ်အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်စိုးက ရွေးချယ်ခံရပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၆ ဦး၊ ဗဟိုကော်မတီဝင် ၃၃၆ ဦးနဲ့ အရံဗဟိုကော်မတီဝင် ၆၈ ဦးတို့ကိုလည်း ရွေးချယ်အတည်ပြုခဲ့တာပါ။

ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၆ ဦးထဲမှာတော့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လူယုံတွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့လည်း ပြန်လည်ပါဝင်လာပါတယ်။

အာဏာသိမ်းမှုကို အရင်းခံပြီး စစ်တပ်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဝင်ပြိုင်ခြင်းမရှိဘဲ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်လည်း တပ်ချုပ်ရာထူးကို စွန့်လွှတ်ခဲ့မှုအပြီး အခုအခါမှာ ပါတီနိုင်ငံရေးလမ်းကြောင်းပေါ် ရောက်ရှိလာတာပါ။

စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းအောင်လှိုင်လည်း ပါတီဝင်ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက တရားဝင် ထုတ်ပြောခဲ့ပါတယ်။

ပါတီတွင်းမှာလည်း အုပ်စုဖွဲ့တာ အစုဖွဲ့ဖွဲ့တာ တစ်ခုနဲ့တစ်ခု ကွဲပြဲတာမျိုးတွေ ဘာမှမရှိသလို ညီလာခံမှာ ဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ ဗိုလ်ချုပ်ဟောင်း ဦးကျော်ဆန်းတို့ ပြန်လည်တက်ရောက်လာတာနဲ့ပတ်သက်ပြီး ပါတီရဲ့ ဗဟိုအတိုင်ပင်ခံတွေအဖြစ် ခန့်အပ်ထားတယ်လို့ သူက ပြောကြားထားတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က လူဟောင်းတွေလည်း အရေးပါနေသေးတယ်ဆိုတဲ့ သဘောနဲ့ အသိပေးတာဖြစ်ပြီး ပါတီထိပ်ပိုင်းရာထူးတွေ အပြောင်းအလဲ မဖြစ်ပေမယ့် ဘာမှမထူးဘူးလို့ အခုလို သုံးသပ်ပါတယ်။

“သူတို့ကိုယ်သူတို့ အကာအကွယ်ပဲပေါ့။ မျက်နှာပြပြီး (အကာအကွယ်) ယူတဲ့ သဘောလည်း ပါတယ်ပေါ့။ နောက်သူတို့ အ‌ရေးပါနေသေးတယ်ဆိုတာကိုလည်း ပြတယ်။ အဲဒီတော့ မင်းအောင်လှိုင်က နေရာများ ပေးမလားဆိုတာကိုတော့ အဲဒီလို မျှော်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆို သူတို့က မပေးဘူးဆိုတာလည်း သိတယ်လေ မင်းအောင်လှိုင်က တစ်ယောက်နဲ့ တစ်ယောက်က လူတစ်ယောက် တက်လာရင် ကျန်တဲ့လူတွေ ဘယ်သူမှ မယုံတော့ဘူး။ ကိုယ့်လူပဲ ကိုယ်ယုံတော့တာပဲ။ ဘာမှမထူးသွားဘူး ၊ ဒီအတိုင်းပဲ မင်းအောင်လှိုင်က သူ့စိတ်ကြိုက်ပဲ ဆက်သွားနေမယ်။အဲဒါတော့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်ထက် စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက နိုင်ငံတော် အင်္ဂါစဉ်အရ နံပါတ် ၁ နေရာမှာရှိတဲ့ သမ္မတရာထူးကို ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ ဦးခင်ရီဟာ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတော် အင်္ဂါစဉ်အရ နံပါတ် ၄ နေရာမှာရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ကျေနပ်နှစ်သိမ့်ခဲ့ရပါတယ်။

ဦးခင်ရီဟာ စစ်တပ်ကနေ ဗိုလ်မှူးချုပ်ရာထူးနဲ့ အငြိမ်းစားယူခဲ့ပြီး စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့သူပါ။ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်မှာတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီလက်ထက်မှာလည်း အလားတူပါ။

အဲဒီနောက်ပိုင်း ၂၀၂၂ ခုနှစ် တတိယကြိမ် ပါတီညီလာခံမတိုင်ခင် တစ်လကျော်အလိုမှာ စစ်ကောင်စီက ဦးခင်ရီကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ်ကနေ အနားယူစေခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့မှာတော့ ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးခင်ရီကတော့ အနာဂတ်မှာ ခေတ်မီပြီး ပြည်သူကို အခြေပြုတဲ့ နိုင်ငံရေးပါတီ “Modern People Centered Political Party” ဖြစ်အောင် တာဝန်ထမ်းဆောင်သွားမှာဖြစ်ပြီး ပြည်သူ့ယုံကြည်မှုကို အမိအရတည်ဆောက်ဖို့ အရေးကြီးတယ်လို့ ညီလာခံမှာ ပါတီဥက္ကဋ္ဌသစ်အဖြစ် ပြောကြားထားတာပါ။

အင်အားကြီးပါတီကနေ ပိုမိုအရည်အသွေး မြင့်မားတဲ့ ပါတီအဖြစ် ပြောင်းလဲရမှာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်ရာမှာ ပြည်သူ့အသံ၊ ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့ဆန္ဒကို မူဝါဒအဖြစ် ပြောင်းလဲဖော်ဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။

အဲဒီလို လုပ်ဆောင်ပေးရမယ့် အချက်တွေကို အစိုးရအဖွဲ့ လွှတ်တော်အပါအဝင် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အရွေ့ရှိတဲ့ ရလဒ်ဖြစ်အောင် ဆောင်ရွက်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကသာ ပြည်သူ့ယုံကြည်မှုကို တည်ဆောက်နိုင်မယ်လို့ ဦးခင်ရီက ပြောဆိုခဲ့တာပါ။

ပြည်သူတစ်ဦးက လက်ရှိ ပေါ်ပေါက်လာတဲ့ လွှတ်တော်ဟာ စစ်တပ်ရဲ့ လက်အောက်ခံအဖြစ် ဘာကြောင့် ရောက်ရှိနေလဲဆိုတာကို ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“လက်ရှိမှာ သူတို့က ပြည်သူလူထုထောက်ခံမှုရအောင်ဆိုတဲ့ဟာကတော့ ပြည်သူတွေရဲ့ တကယ့် ထောက်ခံမှုရဖို့ဆိုရင် လက်ရှိ ပြည်သူ လက်မခံတဲ့ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ (ပြည်သူ့) လွှတ်တော် ဥက္ကဋ္ဌဖြစ်လာတယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ အဲဒီဥက္ကဋ္ဌကတောင်မှ လွှတ်တော်က လွှတ်တော်လို (လွှတ်တော်က အစိုးရကို စောင့်ကြည့် စစ်ဆေးပြီး ထိန်းကျောင်းရ) နေရတဲ့အခါမှာ လွှတ်တော်က ဘာဖြစ်လို့ စစ်တပ်ရဲ့ အောက်ကို ရောက်နေလဲဆိုတဲ့ဟာက သူတို့ ကိုယ်တိုင် ပြန်သုံးသပ်မယ်ဆိုရင်တော့ သူတို့ ပြည်သူ့ထောက်ခံမှု ရလာမှာပေါ့”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲနဲ့ပတ်သက်ပြီး ကိုင်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ တိုက်ရိုက်ခန့်အပ်တဲ့အပေါ် လွှတ်တော်ရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖြစ် ဝေဖန်မှုတွေ ရှိခဲ့သလို လက်ရှိ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးအရ တရားဝင်မှု ရဖို့ ကြိုးပမ်းတဲ့ အခင်းအကျင်းမှာလည်း အဖြည့်ခံဖြစ်နေပြီလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပြန်ပါတယ်။

လက်ရှိမှာ နိုင်ငံ့အာဏာကို သိမ်းယူထားတဲ့ စစ်တပ်က အရပ်သားအသွင်ပြောင်းပြီး အစိုးရအဖြစ် ပုံဖော်ထားပေမယ့် ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတုန်းကလိုမျိုး အပြောင်းအလဲတွေ ဖော်ဆောင်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် တိုင်းပြည်ဟာ ဘက်ပေါင်းစုံ ပျက်စီးယိုးယွင်းနေတဲ့ အနေအထားအောက်မှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေဆဲဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ဆက်ရှိနေတာပါ။

ဒီလိုမျိုး အခြေအနေမှာ စစ်အာဏာရှင်နဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးအရ လှုပ်ရှားတဲ့ နယ်ပယ်ဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုရဖို့ အသည်းအသန်ကြိုးစားရလိမ့်မယ့်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

ကြံ့ခိုင်ရေးပါတီကို အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၃ ခုနှစ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းအဖြစ် စတင်ဖွဲ့စည်းရာကနေ ၂၀၁၀ ခုနှစ်မှာတော့ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PPIB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.