ဟာဗားနား၊ စက်တင်ဘာ ၁၉

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ကျူးဘားနိုင်ငံရဲ့ဗဟိုဓာတ်အားလိုင်း ထပ်မံ ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး လုံးဝ အမှောင်ကျသွားခဲ့ပါတယ်။

ကျွန်းနိုင်ငံ ကျူးဘားဟာ အမေရိကန်ရဲ့ လောင်စာ ပိတ်ဆို့မှုကြောင့် အခက်ကြုံနေချိန် အခုလို အမှောင်ကျမှုဟာ အခုနှစ်ရဲ့ နှစ်စမှာကတည်းက ဗဟိုဓာတ်အားလိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြတ်တောက်မှု အနည်းဆုံး ခြောက်ကြိမ် ဖြစ်ပွားခဲ့တဲ့ အထဲမှာ နောက်ဆုံး ပြတ်တောက်မှု ဖြစ်လာပါတယ်။

စက်တင်ဘာ ၁၈ ရက်က ဗဟိုဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် လူသန်းပေါင်းများစွာ လျှပ်စစ်မီး မရ ဖြစ်သွားခဲ့ပါတယ်။

ကာရေဘီယံပင်လယ်ရှိ အကြီးမားဆုံးကျွန်းဆီကို ရေနံ အများစု မရောက်ရှိအောင် တားဆီးပြီး အမေရိကန်ရဲ့ ဖိအားပေးနေတဲ့ အစီအစဉ်ကြောင့် ကျူးဘားမှာ လျှပ်စစ်ဓာတ်အား ပြဿနာနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ဟာဗားနားမြို့ရှိ လက်တစ်ဆုပ်စာ ဒေသတွေ အထူးသဖြင့် ဆေးရုံတွေကို လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တိမ်ထူပြီး မိုးရွာနေတဲ့ မြို့တော်ရဲ့ ဒေသ အများစုကတော့ ဆက်လက်ပြီး လုံးဝ အမှောင်ကျနေခဲ့ပါတယ်။

ကျူးဘားရဲ့ သက်တမ်းရင့်နေပြီ ဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ဟာ လောင်စာ ပြတ်လပ်မှုနဲ့ နှစ်များစွာကြာ အိုနာကျိုးကန်း ဖြစ်နေတဲ့ အခြေခံ အဆောက်အအုံတွေကြောင့် ပြင်းထန်တဲ့ ဖိအားတွေအောက် ရောက်ရှိနေပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ အမေရိကန်ရဲ့ လောင်စာ ပိတ်ဆို့မှုကြောင့် လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ပိုမို ဆိုးရွားသွားခဲ့ပြီး ဗဟိုဓာတ်အားလိုင်း ပြတ်တောက်မှု အကြိမ်ရေ ပိုများလာခဲ့တာပါ။

လောင်စာ ပြတ်လပ်မှုနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ပိုများလာနေချိန်မှာ ကျူးဘားဟာ လူမသိသူမသိ ဂါဇာဒေသလို ဖြစ်လာပြီလို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ဓာတ်အားလိုင်း ပြတ်တောက်မှု ဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ကျူးဘားအစိုးရပိုင် မီဒီယာက ဖော်ပြထားပေမယ့် လျှပ်စစ်ဓာတ်အား ပြန်ပေးနိုင်မယ့် အချိန်ကို မသိသေးဘူးလို့ ပြောဆိုထားပါတယ်။

Ref:Reuters/FOX News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.