မကွေး စက်တင်ဘာ ၁၉

မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ်ကို စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က စစ်ကားအစီးရေ ၁၈၀ နီးပါးအသုံးပြုလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက ကားအစီးရေ ၁၈၀ နီးပါးပါတဲ့ စစ်ယာဉ်တန်းဟာ မကွေးကတဆင့် စလင်းမြို့နယ်ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ချင်းပြည်နယ်နဲ့ ယောဒေသဘက်ကို ဦးတည်ထားတယ်လို့ သိရပါတယ်။

“ဂျမ်မာကားတွေ လက်နက်ကြီးတစ်ချောင်းထောက်တွေ အတွဲလိုက်ပစ်တဲ့လက်နက်ကြီးတွေပါတယ်​။ ရိက္ခာတင်ကားတွေလည်း ပါတယ်။ အခု စလင်းကနေ စေတုတ္တရာဘ​က်ကို ဥိးတည်ထားပါပြီ။” လို့ စလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စေတုတ္တရာမြို့နယ်ကတဆင့် လောင်းရှည် ဒါမှမဟုတ် ချင်းပြည်နယ် ကျင်ဒွေးဘက်တွေကို လမ်းကြောပေါက်တာကြောင့် နှစ်နေရာလုံးကို သွားနိုင်တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိပြီး စက်တင်​ဘာ ၁၈ ရက် ညနေပိုင်းက တောင်တွင်းကြီးမြို့နယ်ကနေ ကားအစီးရေ ၃၀ ကျော်ဟာ မကွေးမြို့အတွင်းဝင်ထားတာကြောင့် စလင်းမြို့နယ်ကို ရောက်ရှိလာတဲ့ယာဉ်တန်းဟာ စစ်မှုထမ်းသင်တန်းဆင်း အများစုဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

“ဒီစလင်း စေရာ လောင်းရှည်လမ်းပိုင်းကို စစ်တပ်က တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ယာဉ်တန်းတွေ အင်အားတွေ ဒီနှစ်ထဲမှာတင် လေးငါးကြိမ်မကတော့ဘူး။ ဒီလမ်းပိုင်းကို မပိတ်နိုင်တာလား၊ ယောဘက်ကို အဝင်ခံတာလားဆိုတာတော့ မပြောတတ်​ဘူး။” လို့ ယောကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေလကစလို့ စလင်း-စေတုတ္တရာလမ်းပိုင်းကို အသုံးပြုပြီး အာဏာသိမ်းစစ်တပ်က ၃ ကြိမ်ထက်မနည်း စစ်ယာဉ်တန်းတွေ ပို့ဆောင်ခဲ့ပြီး ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာပို့ဆောင်တဲ့ ယာဉ်တန်းဟာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ယောဒေသကို အာဏာသိမ်းစစ်တပ်က ၂၀၂၆ ခုနှစ် မေလကစလို့ အင်အားအများပြားသုံးပြီး ထိုးစစ်ဆင်နေပေမဲ့ လက်နက်ခဲယမ်းနဲ့ အင်အား ၈၀၀ ကျော် ဆုံးရှုံးထားတယ်လို့ ဒေသ​တွင်းတော်လှန်ရေးတပ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.