မော်လမြိုင်၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ က သင်တန်းဆင်း တပ်သားအားလုံးနီး အိမ်ပြန်နိုင်ခဲ့တယ်လို့ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့က ဝါဒဖြန့်လာပါတယ်။
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ က စစ်မှုထမ်း ၂ နှစ်ပြည့်မြောက်သွားတဲ့ သင်တန်းဆင်း တပ်သားတွေကို မနေ့ စက်တင်ဘာ ၁၈ ရက်နေ့က မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ပြီးမြောက်ကြောင်း လက်မှတ် (ပုံစံ-၁၂) ပေးအပ်ခဲ့တာပါ။
စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ က သင်တန်းဆင်းတပ်သား ၁၅၀ ကျော်ကို ပြည်သူ့စစ်မှုထမ်း ထမ်းဆောင်ပြီးမြောက်ကြောင်း လက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းတက်ရောက်သူ ၁၆၀ နီးပါး ရှိခဲ့ပါတယ်။
စစ်အစိုးရ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ မွန်ပြည်နယ်မှာ ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ က သင်တန်းဆင်းတပ်သားအားလုံးနီးပါး ထိခိုက်သေဆုံးမှု နည်းပါးပြီး အိမ်ပြန်လာနိုင်တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစလို့ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်မှုထမ်းတပ်သားတွေ ထိခိုက်သေဆုံးမှု များပြားခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းအင်အား လိုအပ်ချက် မြင့်မားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်း တချို့ကို ပြန်လည်ဖွင့်လှစ်ပြီး သင်တန်းသားတွေ ထပ်တိုးလက်ခံနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၈ အထိ သင်တန်းဖွင့်လှစ်ထားပြီး အဲဒီထဲမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၅ က သင်တန်းဆင်း တပ်သားတွေကို စစ်မှုထမ်း ထမ်းဆောင်ပြီးမြောက်ကြောင်း လက်မှတ်တွေ ထုတ်ပြန်ထားတယ်လို့ ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

