နေပြည်တော် ၊ စက်တင်ဘာ ၁၉
စစ်မှုထမ်းအင်အား လိုအပ်ချက် မြင့်မားနေတဲ့ အာဏာသိမ်းစစ်တပ်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပြီး ထပ်တိုးလက်ခံ လေ့ကျင့်ပေးနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က အသိပေးထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်မှုထမ်း အခြေခံစစ်ပညာအတွက် အမှတ်စဉ် (၂၇) ကစပြီး ကလေးမြို့အခြေစိုက် တတက(၁၀) နဲ့ သပိတ်ကျင်းမြို့နယ် တတက(၁၃) တန်းမြင့်သင်တန်းကျောင်းတွေမှာ သင်တန်းလက်ခံ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်ထက် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်တပ်အနေနဲ စစ်မှုထမ်းသင်တန်းတွေအတွက် နိုင်ငံအနှံ့ သင်တန်းကျောင်း (၂၇) ခုထိ ဖွင့်လှစ်ထားပြီး လက်ရှိ သင်တန်းကျောင်း (၂၄) ခုမှာ ပုံမှန်လက်ခံ လေ့ကျင့်ပေးနေတာလို့ MDSI က ဆိုပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်မှာ အင်အားလိုအပ်ချက် မြင့်မားနေဆဲဖြစ်သလို လက်ရှိမှာ နယ်မြေထိန်းချုပ်မှု တဖြည်းဖြည်း ကျယ်ပြန့်လာလို့ လေ့ကျင့်ရေးတာဝန်တွေကို ပြန်လည်ထမ်းဆောင်လာတာလို့ သုံးသပ်ပါတယ်။
“တပ်အင်အားလိုအပ်ချက် မြင့်မားနေဆဲလို့ ပြောလို့ရသလို သူတို့တွေရဲ့ စစ်သင်တန်းကျောင်းတွေမှန်သမျှ မူလလေ့ကျင့်ရေးတာဝန်တွေကို ပြန်ပြီးတော့ ထမ်းဆောင်လာနိုင်တဲ့ အနေအထားမျိုးပေါ့။ အရင်တုန်းက တတက – ၁၃ တို့ တတက – ၁၀ ကလေးတို့ဆိုတာ လုံးဝ မူလလေ့ကျင့်ရေးတာဝန်တွေကို မထမ်းဆောင်နိုင်ဘဲနဲ့ နယ်မြေစိုးမိုးရေး စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နေရတာပေါ့။ အဲဒီတော့ သူတို့ရဲ့ နယ်မြေထိန်းချုပ်မှုဟာ တဖြည်းဖြည်းချင်း ပြန်ပြီး ကျယ်ပြန့်လာပြီးတော့ မူလစစ်ဘက်တာဝန်တွေကို ထမ်းဆောင်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာတာကို ကျွန်တော်တို့ တွေ့ရတာပေါ့”လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်တပ်က စစ်မှုထမ်းဥပဒေကနေ တပ်အင်အားတစ်သိန်းကျော်အထိ ရရှိထားတာကြောင့် အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးသွားမယ်လို့ ကိုယ်တိုင်ခန့် သမ္မတက ထုတ်ပြောထားတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် ဇူလိုင်ကနေ အခုနှစ် ဩဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၇ ခု ဖွင့်လှစ်ခဲ့ပြီး အင်အား ၁၃၅,၀၀၀ ကျော်ကို အဓမ္မစုစည်းခဲ့တယ်လို့ သိရပါတယ်။
အခုအခါမှာ အဲဒီအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ (ပစ)လို့ ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းအင်အား ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ ပါဝင်နေတာတွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၈ အထိ သင်တန်းဖွင့်လှစ်ထားပြီး သတ်မှတ်ကာလ ၂ နှစ် ပြည့်မြောက်လို့ တာဝန်ထမ်းဆောင်ပြီးတဲ့ စစ်မှုထမ်းအပတ်စဉ် ၄ အထိ ရောက်ရှိလာပေမယ့် အများစုဟာ အိမ်မပြန်နိုင်ဘူးလို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှု များပြားတာ၊ တချို့အခြေအနေတွေကြောင့် တပ်တွင်းမှာ ဆက်လက်ဆွဲခေါ်ထားတာ၊ ဆေးရုံတက်နေရတာတွေနဲ့ အရေးယူခံရတာတွေကြောင့် ပြန်မလွှတ်နိုင်သေးဘဲ သတ်မှတ်ချက်နဲ့ အကျုံးဝင်သူတွေကိုသာ ပြန်လွှတ်တာလို့ ဆိုပါတယ်။
အပတ်စဉ်တစ်ခုကို စစ်မှုထမ်းအင်အား ၄၇၀၀ ကနေ ၅၀၀၀ ဝန်းကျင်ခေါ်ယူနေတဲ့အပေါ် သတ်မှတ်ကာလပြည့်မြောက်ပြီး တပ်ကနေ ပြန်လည်စေလွှတ်တဲ့ အရေအတွက်ကိုတော့ စစ်အစိုးရဘက်က အသိပေးထုတ်ပြန်လေ့ မရှိပါဘူး။
MDSI ကတော့ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်ဖမ်းဆီးတာ ပြန်လည်ဖမ်းမိသူတွေကို အပြင်းအထန် နှိပ်စက်တာတွေကြောင့် အသက်သေဆုံးမှုတွေနဲ့ ထိခိုက်မှုတွေအပြင် လစာဖြတ်တောက် ခေါင်းပုံဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ အသိပေးထားတာပါ။
အလားတူ စစ်မှုထမ်းသင်တန်းသား လိုအပ်ချက်ကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ လူငယ်လူရွယ် နေ့စဉ်သွားလာနေထိုင်မှုတွေကို စောင့်ကြည့်ပြီး ပစ်မှတ်ထား ဖမ်းဆီးစုဆောင်းတာတွေနဲ့ တောနယ်မြို့ရွာအနှံ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပေါ်တာဆွဲစစ်မှုထမ်းအင်အား ပြည့်မီရေး အထက်ဌာနတွေရဲ့ ဖိအားပေးလုပ်ဆောင်နေမှုတွေနဲ့ အောက်ခြေအဆင့်ဆင့် လူအရောင်းအဝယ် အကျိုးအမြတ်တွေကြောင့် အဖွဲ့ပေါင်းစုံပါဝင်တဲ့ စစ်မှုထမ်းလူမှောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာနေတယ်လို့ MDSI က ဆိုပါတယ်။
ဒီအတွက် အကျိုးဆက်အနေနဲ့ မိဘတွေက သားသမီးတွေကို စိတ်ပူကြသလို လူငယ်တွေကိုယ်တိုင်ကလည်း စိုးရိမ်စိတ်နဲ့ အဆင်ပြေသလို တိမ်းရှောင်နေကြရတဲ့အတွက် အနာဂတ်ပျောက်နေကြရတယ်လို့ မွန်ပြည်နယ်ဒေသခံတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။
“တချို့ကလည်း နိုင်ငံခြားထွက်ဖို့ ကိစ္စကလည်း ဒီစစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းပြီးမှ ထွက်ရတဲ့ အနေအထားတစ်ခုရှိတယ်ဆိုတော့ အောက်လမ်းကနေ နိုင်ငံခြားသွားတော့ ဒုက္ခတွေက တော်တော်များတယ်။ ထိုင်းရောက်ရင်လည်း တချို့က အလုပ်ကြမ်း မလုပ်နိုင်ကြဘူး။ ဟိုရောက်ရင် အနေအထိုင်အခက်အခဲဖြစ် ပြန်လာ မိဘတွေက ပိုက်ဆံပြန်ကုန်၊ တချို့ဆိုလည်း လမ်းခရီးမှာ ဖမ်းခံရတာတွေ ဘာတွေဖြစ်။ ဆိုတော့ လူငယ်တွေက ဒီကာလမှာ အနာဂတ်ပျောက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတာပေါ့။ နိုင်ငံခြားထွက်ဆိုလည်း ထွက်လို့မရ ဒေသတွင်းမှာလည်း နေထိုင်ရတာ ခေါင်းမအေး အဲဒီလိုဆိုတော့ တော်တော်လေးကို မလုံခြုံဘူးလို့ ခံစားနေရတာပေါ့နော်”လို့ ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်းပြုပြီး တပ်သားစုဆောင်းမှုတွေဟာ ရပ်ကွက်ကျေးရွာအလိုက် မဲနှိုက်တာကနေ အကြောင်းကြားစာ ပို့တာအပြင် လူအရေအတွက် ခွဲတမ်းချတဲ့ စနစ်တွေအဆုံး မလုံလောက်တော့တဲ့အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေဟာ ဆက်တိုက်မြင့်မားလာနေပါတယ်။
တချိန်တည်းမှာပဲ စစ်မှုထမ်းစာရင်း အချက်အလက်တွေ မှတ်တမ်းရေးသွင်းပြုစုပြီး ခွဲတမ်းစနစ်နဲ့ ဖမ်းဆီးစုဆောင်းတာကို ပေါင်းစပ်လုပ်ဆောင်နိုင်ဖို့ စစ်အစိုးရက ပြင်ဆင်နေတယ်လို့ MDSI ရဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်တွေမှာ ထိခိုက်ကျဆုံးမှု များပြားနေတာနဲ့ စစ်မြေပြင်မှာ လူသားဒိုင်းတိုက်ခိုက်ရေးအင်အား လိုအပ်ချက် မြင့်မားနေတာကြောင့် ပေါ်တာဆွဲမှုနဲ့ စစ်မှုထမ်းသင်တန်းတွေကို ဆက်လက်စုဆောင်းဖွင့်လှစ်နေမယ်လို့ MDSI က သုံးသပ်ထားတာပါ။
၂၀၂၁ တစ်ကျော့ပြန် အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ရာနဲ့ချီ ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေကို လက်ရှိအချိန်အထိ စစ်မျက်နှာပေါင်းစုံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ တပ်အင်အား ပင်မရေသောက်မြစ်ဖြစ်တဲ့ အညာဒေသက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေတာကြောင့် စစ်တပ်အနေနဲ့ အင်အားဖြည့်တင်းဖို့ အကြပ်ရိုက်သွားစေခဲ့တယ်လို့ နိုင်ငံရေးစစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဒါကြောင့် တပ်အင်အားနည်းပါးလာမှုနဲ့ မြေပြင်တိုက်ပွဲတွေမှာ တပ်သားပြုန်းတီးမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ စစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

