ဘီးလင်း၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေက ပေါ်တာဆွဲဖမ်းဆီးရာမှာ တရားခံတွေ ဖမ်းစီးသလို ရိုက်နှက်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်မှုထမ်း လိုအပ်ချက် ဆက်ရှိနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံလူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးရာလည်း အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးတာမျိုးတွေအထိ ပြုလုပ်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေက လူငယ်တွေကို တရားခံပုံစံ ဖမ်းဆီးလာတာကြောင့် ပြည်သူတွေမှာလည်း အမှုပတ်မှာ စိုးရိမ်ကာ မကူညီရဲကြဘူးလို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ ပေါ်တာဆွဲဖမ်းဆီးရာမှာ ဆိုင်ကယ်တွေကို ကန်လှဲတာ၊ အရက်ဘီယာဆိုင်နဲ့ ဘိလိယက်ခုံတွေမှာ ရုတ်တရက် ဝင်ရောက်လာပြီး မင်းအပြစ် မင်းမသိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်နှက်ပြီး ကားပေါ် တစ်ခါတည်း ဆွဲတင်သွားတယ်လို့ ဆိုကြပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ ငွေကြေးတတ်နိုင်သူဖြစ်ပါက ကျပ်သိန်း ရာချီတောင်းပြီး ပြန်လွှတ်ပေးလိုက်သလို ငွေမပေးနိုင်သူဖြစ်ပါက စစ်မှုထမ်းပို့ လိုက်ပြီး ပါလာတဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ပိုက်ဆံတွေကိုလည်း သိမ်းယူတာတွေ ရှိနေပါတယ်။
အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေရဲ့ စစ်မှုထမ်း ပေါ်တာဆွဲတာ၊ ဖမ်းဆီးငွေညှစ်မှုတွေကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေ အများစုဟာ မရှိသလောက်ရှားလာပြီလို့ ဘီးလင်းဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကြောင့် နေ့ရောညပါ အပြင်ထွက် သွားလာသူ မရှိသလောက် နည်းပါးသွားပြီး လူငယ်အများစုဟာ နီးစပ်ရာ နိုင်ငံတွေကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်တာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ ဒေသတွင်းက လူငယ် ၅၈၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

