ဘန်ကောက်၊ စက်တင်ဘာ ၁၈
၂၀၂၇ ကိုယ့်သဘောနဲ့ကိုယ် စစ်မှုထမ်းရေး အစီအစဉ်အတွက် ပထမဆုံးအတွင်း လျှောက်ထားသူ ၇၈၉၈ ဦး ရှိကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အစီအစဉ်နဲ့ စစ်သားအသစ် ၂၅၀၀၀ ခေါ်ယူဖို့ စီစဉ်ထားတာကြောင့် ပထမဆုံး ၈ ရက်အတွင်း ၃၁ ဒသမ ၅၉ ရာခိုင်နှုန်း ပြည့်သွားတဲ့ သဘော ဖြစ်ပါတယ်။
စက်တင်ဘာ ၁၀ ရက်ကနေ စက်တင်ဘာ ၁၇ ရက်အထိ လျှောက်ထားသူ စုစုပေါင်း အရေအတွက်ကို ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ထိုင်းတော်ဝင် စစ်တပ်အတွက် လျှောက်ထားသူ ၄၂၇ ဦး၊ ရေတပ်အတွက် ၃၇ ဦး၊ လေတပ်အတွက် ၂၄ ဦး ထိုင်း တော်ဝင်စစ်တပ် ဌာနချုပ်အတွက် လျှောက်ထားသူ ၄ ဦး အပါအဝင် စက်တင်ဘာ ၁၇ ရက် တစ်ရက်တည်းအတွင်းမှာပဲ လျှောက်ထားသူ ၄၉၂ ဦး ရှိခဲ့ကြောင်း သိရပါတယ်။
လျှောက်ထားသူ ၇၈၉၈ ဦးထဲက ၅၃၉၁ ဦးဟာ တပ်ဖွဲ့ဝင် အသစ်အဖြစ် လျှောက်ထားသူတွေ ဖြစ်ပြီး ၁၃၀၉ ဦးဟာ အဆင့် ၁ အရန် စစ်သားတွေနဲ့ ၁၁၉၈ ဦးကတော့ စစ်မှုထမ်းကာလ ပြီးဆုံးတော့မှာကြောင့် သက်တမ်းတိုးမယ့်သူတွေ ဖြစ်ပါတယ်။
အခုလို ပထမဆုံး ၈ ရက်အတွင်း စစ်မှုထမ်းဖို့ လျှောက်ထားသူ များပြားတဲ့ အရေအတွက်က လူငယ်တွေ စစ်မှုထမ်းဖို့ စိတ်ဝင်စားကြောင်းကို ဖော်ပြနေရုံသာ မဟုတ်ဘဲ စီမံကိန်းရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ လူငယ်တွေရဲ့ အနာဂတ် အစီအစဉ် ဆုံးဖြတ်ချက်ချဖို့ ရွေးချယ်စရာ ပိုများတာကိုပါ ရောင်ပြန်ဟပ်စေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုယ့်သဘောနဲ့ကိုယ် စစ်မှုထမ်းရေး အစီအစဉ်က စစ်မှုထမ်းတာကို အနာဂတ် အတွက် ကြိုတင် ပြင်ဆင်မှု အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဖူလုံရေးနဲ့ အကျိုးခံစားခွင့်တွေကတဆင့် အခွင့်အလမ်းအဖြစ် ပြောင်းလဲပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
၂၀၂၇ စီမံကိန်းအတွက် လျှောက်လွှာတွေကို စက်တင်ဘာ ၁၀ ရက်က စတင် ခေါ်ယူခဲ့တာ ဖြစ်ပြီး အွန်လိုင်းကတဆင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ဆက်လက် လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
Ref:Khasodenglish

