မုဒုံ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ် မုဒုံမြို့ အဝင်အထွက် နေရာတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ မုဒုံမြို့အဝင် စည်ပင်သာယာရေးဘီးခွန်ကောက်ခံရေးဂိတ်အနီးအပါအဝင် မုဒုံ-ကျွန်းရွာလမ်းပိုင်းတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
အဲဒီပိတ်ဆို့စစ်ဆေးရေးမှာလည်း ဆိုင်ကယ်စီးနင်းလာသူတွေကို ဘောက်ဖွင့်ခိုင်းတာ၊ ယာဉ်လိုင်စင်၊မောင်းလိုင်စင်ကအစ တိုက်ဆိုင်စစ်ဆေးနေပြီး ခရီးသွားကားတွေကိုလည်း တစ်စီးမကျန် ရပ်တန့်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေရဲ့ နေ့ရာညပါ ပိတ်ဆို့စစ်ဆေးမှုကြောင့် မုဒုံမြို့ပေါ်ကို ကျေးရွာတွေဘက်က ဒေသခံပြည်သူတွေ သွားလာဖို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေဟာ ညပိုင်း အပြင်ထွက် သွားလာသူတွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် မုဒုံမြို့ပေါ်မှာ ညပိုင်း အပြင်ထွက်သွားလာသူ မရှိသလောက် နည်းပါးသွားတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့စစ်ဆေးမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မော်လမြိုင် – မုဒုံလမ်းပိုင်း ဓားပြတိုက်မှု ဖြစ်ပွာတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့သွားပြီးနောက် အခုလို စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။
အာဏာသိမ်း စစ်တပ်ပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို စိုးရိမ်ပူပန်မှု မြင့်တက်နေပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ ညပိုင်းအပြင်ထွက် သွားလာတဲ့ လူငယ်တွေနဲ့ ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေကို စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

