ဒူဘိုင်း၊ စက်တင်ဘာ ၁၈

ဆော်ဒီအာရေးဗီးယားက ဘေဂျင်းအစိုးရထံ ပန်ကြားခဲ့ပြီးနောက် ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး ကူညီပေးဖို့ အီရန်ကို တရုတ်က သိုသိုသိပ်သိပ် တောင်းဆိုထားတယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ အီရန် သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆော်ဒီကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီဘက်က ဘေဂျင်းကို ကူညီပေးဖို့ ပန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပင်လယ်နီ ကမ်းရိုးတန်းတလျှောက်နဲ့ ဘက်အယ်လ် မန်ဒက် ရေလက်ကြား တဝိုက် ဟူသီအဖွဲ့ အလျင်အမြန် ချီတက်လာမှုကြောင့် ဆော်ဒီရဲ့ ရေနံ တင်ပို့မှုတွေနဲ့ သင်္ဘောလမ်းကြောင်းတွေ ပိုမိုထိခိုက် လာခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ကမ္ဘာ့ ဒုတိယ အကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တရုတ် အားထားနေရတဲ့ စွမ်းအင်လမ်းကြောင်းတွေတဝှမ်း ပဋိပက္ခ နောက်ထပ် မပျံ့နှံ့စေရေး ကာကွယ်ရာမှာ ကူညီပေးဖို့ ဟူသီအဖွဲ့ကို အီရန်က သူတို့ရဲ့ သြဇာလွှမ်းမိုးမှု အသုံးချ ထိန်းချုပ်ပြီး ကူညီပေးဖို့ ဘေဂျင်းက အလိုရှိနေပါတယ်။

ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန် အပေါ် တိုက်ခိုက်မှုတွေ အဆုံးသတ်မှုအပေါ် မူတည်နေတယ်လို့ အီရန်က တုံ့ပြန်ပြောဆိုထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး မိမိတို့ သြဇာကို သုံးဖို့ ပျက်ကွက်ခဲ့ရင် တီဟီရန်အပေါ် စီးပွားရေးအရ ဖိအားပေးမယ်လို့ ဘေဂျင်းက ခြိမ်းခြောက်ထားတာ ဒါမှမဟုတ် ဖော်ပြထားတာ မရှိဘူးလို့ အီရန် သတင်းရင်းမြစ် သုံးခုက ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုရာမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေသဆိုင်ရာ တင်းမာမှုတွေ ယီမင်နဲ့ ပင်လယ်နီသို့ နောက်ထပ် ဖိတ်စဉ်လျှံထွက်လာတာကို တရုတ်က မမြင်တွေ့ချင်ဘူးလို့ တုံ့ပြန်ပါတယ်။

အခြေအနေကို နောက်ထပ် ရှုပ်ထွေးစေမယ့် လုပ်ရပ်တွေ ရပ်တန့်ရေးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်က တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာသတင်းဌာနက အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆော်ဒီအစိုးရ ပြန်ကြားရေးရုံးတို့ဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ သိရပါတယ်။

တရုတ်ဟာ အီရန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ရေး လက်တွဲဖော် ဖြစ်နေခဲ့တာ ဆယ်စုနှစ် တစ်စုကျော် ကြာပြီ ဖြစ်ပြီး အီရန် ရေနံတွေကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.