ဒါကာ၊ စက်တင်ဘာ ၁၇
ဘင်္ဂလားဒေ့ချ်မှာ အရေးပေါ် ကာကွယ်ဆေးထိုးပေးနေပေမယ့် ဝက်သက်ရောဂါ ကူးစက်မှု ထပ်မံ မြင့်တက်လာနေပြီး ရေဂါပျံ့နှံ့မှုကြောင့် သေဆုံးရတဲ့ ကလေး အရေအတွက် ၁၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။
နိုင်ငံတွင်းရှိ ကလေးငယ် ၁၉ ဒသမ ၈ သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးထားပြီး ဖြစ်ပေမယ့် နေ့တိုင်း ရောဂါ ကူးစက်မှု သံသယရှိ လူနာ အသစ် ၁၀၀၀ လောက် ရှိနေဆဲ ဖြစ်ပါတယ်။
ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးငယ်တွေဆီ ရောက်ရှိနိုင်ရေး အရှိန်မြှင့် ကြိုးပမ်းသွားမယ်လို့ အစိုးရ ပြောထားကြောင်း UNICEF က ပြောပါတယ်။
အခုနှစ် မတ်လအထိ ဘင်္ဂလားဒေ့ချ်မှာ ဝက်သက်ရောဂါ ကင်းစင်ရေး ကြိုးပမ်းမှုတွေ အခြေအနေ သိသိသာသာ တိုးတက်မှု ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ ဘင်္ဂလားဒေ့ချ်မှာ ဝက်သက်ရောဂါ ကူးစက်မှုဟာ နိုင်ငံ အားလုံးထက်ကျော်လွန် များပြားနေကြောင်း WHO ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဝက်သက်ရောဂါဟာ အသက်ရှူတာ၊ ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာက တဆင့် အလွယ်တကူ ကူးစက်နိုင်ပြီး ကူးစက်မှုနှုန်း မြင့်မားပါတယ်။
မတ်လနောက်ပိုင်း ဘင်္ဂလားဒေ့ချ်မှာ ဝက်သက်ရောဂါ ကူးစက်သူ ၁၉၄၀၀၀ ကျော် ရှိကြောင်း အစိုးရရဲ့ နောက်ဆုံး စာရင်းအချက်အလက်တွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၅ ရက် တစ်ရက်တည်းမှာပဲ ဝက်သက်ရောဂါ သံသယရှိသူ ၈ ဦးထပ်မံ သေဆုံးခဲ့ပါတယ်။
လူဦးရေ ၁၇၈ သန်း ရှိတဲ့ ဘင်္ဂလားဒေ့ချ်မှာ အခုနှစ် မတ်လအတွင်း ဝက်သက်ရောဂါ ကူးစက်မှု ပိုများလာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြောင့် ကာကွယ်ဆေး ပုံမှန်ထိုးပေးတဲ့ အစီအစဉ်တွေ အနှောင့်အယှက် ဖြစ်ခဲ့ပြီး ဘင်္ဂလားဒေ့ချမှာ လူနေထူထပ်လွန်းတာ၊ နှစ်အတော်ကြာ နိုင်ငံရေး မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့်လည်း ဝက်သက်ရောဂါ ပျံ့နှံ့မှုကို ပိုမိုဆိုးရွားလာစေတယ်လို့ ဆိုပါတယ်။
သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ကနဦး အရေးပေါ် ကာကွယ်ဆေးထိုးရေး အစီအစဉ် လုံလောက်မှု မရှိကြောင်း ဖော်ပြနေပါတယ်။
ကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ် အောင်မြင်ခဲ့ပေမယ့် ဆေးမထိုးပေးလိုက်ရတဲ့ ကလေးငယ် တချို့ ရှိခဲ့တယ်လို့ WHO က ပြောထားပါတယ်။
ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် အကောင်အထည် မဖော်ခင် ရောဂါက နိုင်ငံ တဝှမ်း ပျံ့နှံ့နေပြီး ဖြစ်လာကြောင့် ရောဂါ ပျံ့နှံ့နိုင်တဲ့ရောပိုများသွားခဲ့တယ်လို့ WHO က ပြောထားပါတယ်။
Ref:BBC

