ဝါရှင်တန်၊ စက်တင်ဘာ ၁၈
ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ ဘာရှား အယ်လ် အာဆတ် လက်ထက်က ဒမတ်စကတ် ဗဟို အကျဉ်းထောင်ကို ဦးဆောင်ခဲ့တဲ့ ဆီးရီးယား အစိုးရ အရာရှိဟောင်း တစ်ဦးကို အမေရိကန် တရားသူကြီး တစ်ဦးက ထောင်ဒဏ် နှစ် ၆၀ ချမှတ်လိုက်တယ်လို့ ဖက်ဒရယ် အစိုးရရှေ့နေတွေက ပြောပါတယ်။
အာဆတ်ခေတ် ဆီရီးယား အရာရှိဟာ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန် ဖက်ဒရယ် ဂျူရီ အဖွဲ့ တစ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၄ နှစ်အရွယ် ဆာမာ အိုစမန် အယ်ရှိတ်ခ်ကို ၂၀၂၄ ခုနှစ်က စွဲချက်တင်ခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ဖို့ လျှို့ဝှက်ကြံစည်မှု စွဲချက် တစ်ခု၊ အဒရာ အကျဉ်းထောင်မှာ အကျဉ်းသားအပေါ် ဥပဒေချိုးဖောက်ပြီး ညှဉ်းပန်းနှိပ်စက်ရာမှာ သူပါဝင်မှု စွဲချက် သုံးခုအတွက် ပြစ်မှု ထင်ရှားကြောင်း မတ်လက စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒမတ်စကတ်မြို့မှာ အဲဒီ အကျဉ်းထောင်ကို အရပ်သုံးစကားအရ အဒရာထောင်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
အယ်ရှိတ်ခ်ဟာ ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေကို လိမ်လည်ခဲ့မှု အတွက်လည်း ပြစ်မှု ထင်ရှားခဲ့ပါတယ်။
ဒီလို လိမ်လည်ပြီး အမေရိကန်မှာ နေထိုင်ခွင့်ရရေး အစိမ်းရောင်ကတ် ရယူမှု အမေရိကန်နိုင်ငံသားအဖြစ် ခံယူရေး ကြိုးပမ်းမှုတို့အတွက် ပြစ်မှု ထင်ရှားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်က ထောင်နှစ် ၆၀ ပြစ်ဒဏ်ကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အမေရိကန် ဒေသဆိုင်ရာ တရားသူကြီး ဟာနန် ဗီရာက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆတ် အစိုးရအပေါ် ဆန့်ကျင် ကန့်ကွက်မှုများအား တားဆီးရေး အကျဉ်းသားများကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နာကျင်ရအောင် လုပ်ဆောင်ဖို့ လက်အောက် ငယ်သားတွေကို အယ်ရှိတ်ခ်က အမိန့်ပေး စေခိုင်းခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောထားပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ အဒရာ အကျဉ်းထောင်ကို ဦးဆောင်ခဲ့တဲ့ အယ်ရှိတ်ခ်က အပြစ်မရှိဘူးလို့ အရင်က ထွက်ဆိုခဲ့ပါတယ်။
ဆီးရီးယား လက်နက်ကိုင် အဖွဲ့တွေက အလျင်အမြန် ထိုးစစ်ဆင်မှုတွေအပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်းက အာဆတ် မိသားစုရဲ့ နှစ် ၅၀ကျော်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်ပစ်ခဲ့ကြပါတယ်။
‘
ဆယ်စုနှစ် တစ်စုကျော်ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် ပြဿနာ တစ်ခု ဖြစ်ပေါ်လာစေခဲ့ ပါတယ်။
Ref:Reuters

