နေပြည်တော်၊ စက်တင်ဘာ ၁၈
စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေအစား ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ခန့်အပ်လိုက်တယ်လို့ စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ တပ်မတော်(ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ပြုလုပ်မှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရ ဖွဲ့စည်းတဲ့ ၅ လအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကို မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်စေလိုက်တယ်လို့ ထုတ်ပြန်ထားပေမယ့် ဘယ်တာဝန်ကို ပေးအပ်လိုက်တယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေဟာ ပြည်ထဲရေးဝန်ကြီး မဖြစ်ခင်က အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တောင်ပိုင်းဒေသ စစ်ဘက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးကတည်းက ပြည်ထဲရေးဝန်ကြီးတွေကို မကြာခဏဆိုသလို အပြောင်းအလဲ ပြုလုပ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

