နေပြည်တော် ၊ စက်တင်ဘာ ၁၈

အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရရှိခဲ့ပြီးနောက် ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်မှာ စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲတွေ ရှိခဲ့ပြီး ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က မကွေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၂၂ ကြိမ်ထက်မနည်းနဲ့ အများဆုံးလုပ်ခဲ့ပြီး ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ထက်မနည်း ၊ စစ်ကိုင်းတိုင်းအတွင်း ၂၄၂ ကြိမ်ထက်မနည်းရှိခဲ့ကာ ရခိုင်ပြည်နယ်မှာ ၂၂၂ ကြိမ်ထက်မနည်း ရှိခဲ့တာပါ။

ကချင်ပြည်နယ်မှာတော့ ၈၆ ကြိမ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခုနစ်ကြိမ်လောက်သာရှိတဲ့အတွက် စစ်တပ်ရဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို ပိုမိုဦးတည်နေတာ ဖြစ်ပါတယ်။

ဒါဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ အဲဒီဒေသတွေကို သွားရောက်တဲ့ စစ်ဆင်ရေးလမ်းကြောင်းတွေအတွက် အဓိကကျတဲ့ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများနေတာပါ။

အဲဒီတိုင်းနဲ့ ပြည်နယ်လေးခုမှာရှိတဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွင်းရှိ အရပ်သားတွေဟာ ထိခိုက်ခံရမှု အန္တရာယ်ဖြစ်နိုင်ခြေ အမြင့်ဆုံးမှာ ရှိနေတယ်လို့ ISP-Myanmar က သတိပေးထောက်ပြထားတာ တွေ့ရပါတယ်။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျကလည်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို စစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ဝင်ပေါက်ဖြစ်တဲ့ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများပြားနေခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း အလားတူဖြစ်ပြီး စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နိုင်မယ့် နယ်မြေတွေကို အဓိကထားပြီး လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာလို့ သူက ဆက်‌ပြောပါတယ်။

တစ်ဘက်မှာတော့ စစ်ခေါင်းဆောင်လက်ထက် ဆုံးရှုံးခဲ့တဲ့ မြို့တွေကို တပည့်ဖြစ်သူက ပြန်သိမ်းနိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြချင်လို့ အရင်တပ်ချုပ်ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်နေတာလို့ CDM လေတပ် တပ်ကြပ်ကြီး ဇေယျက သုံးသပ်ပါတယ်။

“အဓိက ရဲဝင်းဦးက သူ့တပ်ချုပ်လက်ထက်မှာ မြို့တွေ ပြန်ရတယ်ဆိုတဲ့လုပ်ကွက်ကိုလည်း ပြန်ချင်တာပေါ့။ သူ့ကို တပ်ချုပ်ရာထူးပေးပြီးနောက်ပိုင်းမှာ ဒါတွေ ဒါတွေ လုပ်နိုင်ပါတယ်ဆိုတဲ့ ပုံစံမျိုးကိုလည်း ပြချင်တဲ့ပုံစံနဲ့ လက်ရှိ ထိုးစစ်တွေကို ဆက်လုပ်တယ်၊ ပြင်းပြင်းထန်ထန် လုပ်တာပေါ့။ သူတို့ရဲ့ အစီအစဉ်အတိုင်းပဲ သွားတာပါ။ ရဲဝင်းဦးက မင်းအောင်လှိုင်လက်ထက်ထဲက လုပ်လာတဲ့ အစီအစဉ်အတိုင်းပဲ ဆက်သွားနေတဲ့ ပုံစံမျိုးပါပဲ”လို့ ဆိုပါတယ်။

တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးဟာ ဗိုလ်လောင်းသင်တန်း OTS အမှတ်စဉ် ၇၇ သင်တန်းဆင်းဖြစ်ပြီး အခုနှစ် မတ် ၃၀ ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အာဏာသိမ်းစစ်ခေါင်းဆောင်က လွှဲပြောင်းခန့်အပ်ပေးခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေနဲ့ တပ်ချုပ်တာဝန်ကို စတင်ထမ်းဆောင်တဲ့ ကာလတွေအတွင်း ချင်းပြည်နယ်က ဖလမ်းမြို့နဲ့ တွန်းဇံမြို့အပါအဝင် စစ်ကိုင်းတိုင်းက အင်းတော်မြို့ နဲ့ မော်လူးမြို့ ၊ တနင်္သာရီက မောတောင်မြို့တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်း အဲဒီမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လနဲ့ချီကြာတဲ့ စစ်ဆင်ရေးတွေကို မြေပြင်ဝေဟင်ပေါင်းစပ်အားနဲ့ တဆင့်ချင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနဲ့ အချက်အလက်တွေကို စောင့်ကြည့်လေ့လာတဲ့ ACLED အဖွဲ့ရဲ့ အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက် စစ်ဆင်ရေးနည်းဗျူဟာတွေကို ပြောင်းလဲပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် တိုက်လေယာဉ် နှစ်စင်းကနေ ငါးစင်းအထိ ပါဝင်တဲ့ အထူးအဖွဲ့တွေကို ပစ်မှတ်တစ်ခုတည်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ဖို့ တာဝန်ပေးထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်အတွင်း ထုတ်ပြန်ခဲ့တဲ့ ACLED အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြထားတာပါ။

ISP-Myanmar ကတော့ ရွေးကောက်ပွဲအလွန်မှာ စစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းစီ အပစ်ခတ်ရပ်စဲရေးရရှိဖို့ နည်းပေါင်းစုံသုံး ကြိုးပမ်းနေတဲ့ထဲမှာ စစ်ရေးနည်းနဲ့ ဖိအားပေးခြင်းလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျသွားနိုင်ခြေ မရှိဘဲ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကိုပါ ထိမှန်နေတာကြောင့် အရပ်သားသေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာစေနိုင်တယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.