နေပြည်တော် ၊ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံအတွင်း စစ်အုပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါစွဲချက်နဲ့ တယ်လီနောကုမ္မဏီကို မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲလိုက်တယ်လို့ Justice For Myanmar JFM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနော်အနေနဲ့ မိုးဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်အုပ်ထံ ပေးအပ်ခဲ့မှုကနေတဆင့် မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်မှုနဲ့ မြန်မာနိုင်ငံအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုတွေအတွက် တယ်လီနောအပေါ် စွဲချက်တင်ဖို့ နော်ဝေရဲတပ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို JFM နဲ့ ICJ Norway တို့က ကြိုဆိုကြပါတယ်။
အဲဒီစွဲချက်တွေကို စက်တင်ဘာ ၁၅ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ရဲတပ်ဖွဲ့က တယ်လီနောကုမ္မဏီရဲ့ ရုံးကို စီးနင်းရှာဖွေခဲ့တာပါ။ အခုလို အရေးယူဆောင်ရွက်မှုဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ JFM နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက်တစ်ရပ် တင်သွင်းခဲ့ပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဲဒီတိုင်ကြားချက်မှာ တယ်လီနောကုမ္မဏီက နော်ဝေနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပြဌာန်းချက် (‘Myanmarforskriften’) အရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲထားတာ တွေ့ရပါတယ်။
တယ်လီနောက ပိတ်ဆို့အရေးယူခံထားရတဲ့ စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေကို ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထွက်ခွာချိန် မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ဝယ်ယူသူထံ လွှဲပြောင်းပေးခဲ့တယ်လို့ တိုင်ကြားချက်မှာ စွပ်စွဲထားတာပါ။
အဲဒီတိုင်ကြားချက်ဟာ စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ပယ်ချခံခဲ့ရပြီးနောက် JFM နဲ့ ICJ Norway တို့က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အထက်အဆင့် တရားစွဲဆိုရေးအာဏာပိုင်အဖွဲ့ထံ ထပ်မံတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
တယ်လီနောအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ မြန်မာစစ်အုပ်စုထံ အရေးကြီးပြီး ထိရှလွယ်တဲ့ အချက်အလက်တွေကို မျှဝေပေးခဲ့မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီခဲ့တယ်ဆိုတဲ့ စွဲချက်ကို အကျုံးဝင်စေဖို့ တိုင်ကြားချက်ကို တိုးချဲ့တိုင်ကြားခဲ့တာပါ။
ဒါကြောင့် စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ သတ်ဖြတ်မှုတွေနဲ့ ကွပ်မျက်မှုတွေကို အားပေးကူညီခဲ့တာတွေ အပါအဝင် မြန်မာပြည်သူတွေအပေါ် ဖြစ်ပေါ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုတွေအတွက် တယ်လီနော်ကို အပြည့်အဝ တာဝန်ခံစေရမယ်လို JFM က အသိပေးပါတယ်။
တယ်လီနော်ကုမ္ပဏီဘက်ကလည်း စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြောထားတာပါ။
တယ်လီနော်အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး စစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ် မတ်လမှာတော့ ပြည်တွင်းရှိ လုပ်ငန်းတစ်ခုလုံးကို အပြီးသတ်ရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

