မော်လမြိုင် ၊ စက်တင်ဘာ ၁၇
စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒအရ မွန်ပြည်နယ်က လစဉ် ရရှိနေတဲ့ စက်သုံးဆီ ခွဲတမ်းကို ထက်ဝက်နီးပါး လျှော့ချလိုက်တယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ စစ်အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပြည်နယ်အတွင်းမှာ အရင်က တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် ၄၀၀၀၀ ခွဲတမ်း ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လကစလို့ မက်ထရစ်တန် ၂၅၀၀၀ သာ ခွဲတမ်းရရှိတော့တာပါ။
ဒီပမာဏာဟာ စက်သုံးဆီ ခွဲတမ်း မက်ထရစ်တန် ၁၅၀၀၀ လျှော့ချခံလိုက်ရတာ ဖြစ်ပြီး လီတာအားဖြင့် လီတာပေါင်း သိန်း ၂၀၀ ကျော် ခွဲတမ်းလျှော့ခံလိုက်ရပါတယ်။
စက်သုံးဆီ ခွဲတမ်းလျှော့ချမှုဟာ စစ်တပ် အသွင်းပြောင်း အစိုးရ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နိုင်ငံခြားငွေ သုံးစွဲမှု လျော့ချရေးအတွက် စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့ ညွှန်ကြားကြောင့် ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ စက်သုံးဆီ လုပ်ငန်းရှင် တစ်ဦးကတော့ စက်သုံးဆီ ခွဲတမ်း လျှော့ချမှုကြောင့် စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ မကြာခဏ ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အစထဲက စက်သုံးဆီတွေကို ပြည်နယ်အတွက် အလုံအလောက် ထုတ်ပေးနေတာ မဟုတ်ဘူး။အခုလို စက်သုံးဆီတွေကို ခွဲတမ်း လျှော့ချတော့ ဆီဆိုင်တွေပါ ခွဲတမ်း လျော့ကုန်တာပေါ့။နောက်ဆက်တွဲ ခွဲတမ်းလျော့ရင် ကျွန်တော်တို့ ဆိုင်တွေမှာ ဆီမကြာခဏ ပြတ်မယ်။ပြတ်တော့ သုံးစွဲသူတွေ အရင်လို့ ဆီရဖို့ တန်းစီတာတွေ လိုသလောက် မရတာတွေ ဖြစ်လာမှာပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာ စက်သုံးဆီတွေကိုတော့ မော်တော်ကား၊ ဆိုင်ကယ်တွေကို အရင်လို အပြည့်အဝ ရောင်းချ ပေးတာ မရှိဘဲ သတ်မှတ် လီတာသာ ရောင်းချပေးတာ ဖြစ်ပြီး အခုလို စက်သုံးဆီ လျှော့ချတာကြောင့် သတ်မှတ် လီတာတွေပါ လျှော့ချရမယ့် အခြေအနေ ဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာတော့ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်အတွင်းက စတင်ကာ မွန်ပြည်နယ် စစ်အစိုးရရဲ့ စက်သုံးဆီ ထုတ်ယူခွင့် တင်းကျပ်မှုတွေကြောင့် မြို့နယ် အားလုံးနီးပါးမှာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုတွေ ပြန်လည် ကြုံတွေ့ခဲ့ရတာပါ။
စက်သုံးဆီ ပြတ်လပ်မှု ကြုံတွေ့ခဲ့ရတဲ့အတွက် စက်သုံးဆီဆိုင်တွေမှာ အချိန် အကန့်အသတ်နဲ့သာ ရောင်းချပေးတာ၊ လိုသလောက် ဝယ်ယူလို့ မရတာ၊ အရောင်း ပိတ်ထားတာတွေအပြင် မှောင်ခိုဈေးကွက်မှာ ဈေးကြီးပေး ဝယ်ယူသုံးစွဲ ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်သုံးဆီတွေကို စစ်အစိုးရက အကန့်အသတ်တွေနဲ့သာ ရောင်းချခိုင်းတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ရေလုပ်ငန်းတွေ၊ မီးစက်ကြီးတွေ အသုံးပြုပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေအပါအဝင် တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကအစ လက်ရှိအချိန်ထိ အခက်ကြုံ နေရတာ ဖြစ်ပါတယ်။
စက်သုံးဆီတွေဟာ မွန်ပြည်နယ် စစ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းကနေ တင်ဒါ အောင်မြင်ထားတဲ့ Myanmar Energy King ကုမ္ပဏီနဲ့ Ya Zar Min Industry ကုမ္ပဏီ တို့က ဒေသတွင်း ဖြန့်ဖြူး ရောင်းချနေတာပါ။
မွန်ပြည်နယ်မှာတော့ စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၁၆၀ ကျော် ရှိပြီး စစ်အစိုးရက စက်သုံးဆီ ခြိုးခြံ ချွေတာဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က စတင်ကာ QR Code စနစ်နဲ့ ယာဉ်အုပ်စု၊ စက်စွမ်းအင်အပေါ် မူတည်ကာ တစ်ပတ်အတွင်း စက်သုံးဆီ ဝယ်ယူခွင့် ပမာဏ သတ်မှတ်ပြီး စုံ၊မ စနစ်နဲ့ ရောင်းချ ပေးနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

