ကျိုက်မရောမှာ ဖမ်းဆီးထားတဲ့ ထိုင်းကုန်ကား ၂၅ စီး စာရင်းပျောက်

ကျိုက်မရော ၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကုန်ကားတွေအနက် ၂၅ စီးဟာ လုံးဝစာရင်းပျောက်သွားတယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်လမ်းပိုင်း ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာအကြားမှာ ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကား ၆၅ စီးကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဌာနစုံပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းကား ၆၅ စီး ရှိနေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံ စာရင်းတင်ပြရမှာတော့ ကုန်တင်ကား အစီး ၄၀ သာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးရမိထားတဲ့ ထိုင်းကုန်ကားတွေအနက် ကုန်ကား ၂၅ စီးကို သိန်းထောင်ချီ တောင်းခံပြီးနောက် ယာဉ်မောင်းတွေကိုပါ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အစိုးရထံ စာရင်းတင်ပြထားတဲ့ ထိုင်းကုန်ကား အစီး ၄၀ က သိန်းပေါင်းသောင်းချီ တန်းဖိုရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ လေလံတင်ရောင်းချဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် အဲဒီကားတွေမှာလည်း ကုန်ပစ္စည်း အများအပြား ပျောက်ဆုံးတာတွေ ရှိနေပါတယ်။

ဖမ်းဆီးရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေထဲမှာတော့ ကားတာယာတွေ၊ မွေးမြူရေးအစာတွေ၊ ပိတ်စတွေ၊ သစ်သီးဝလံနဲ့ အခြေခံ စားသောက်ကုန်တွေ အများဆုံး ပါဝင်ပါတယ်။

စစ်အစိုးရကတော့ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၄၀ က ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေကို ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေပြီး ငွေကျပ်သိန်း ရာနဲ့ချီ ပေးနိုင်တဲ့ ကားသမားတွေကိုတော့ ပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းကုန်ပစ္စည်းတင်ကားတွေဟာ ထိုင်းကုန်တွေကို ဘုရားသုံးဆူမြို့ကနေ တိုက်ရိုက် သယ်ဆောင်တဲ့ ကားတွေ မဟုတ်ဘဲ ကျိုက်မရောမြို့နယ် ကတုံးစိကျေးရွာ ဘီးလပ်မြေစက်ရုံအနီးကနေ ခေါက်တို ပြန်သယ်တဲ့ ကားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိုင်းကုန်ပစ္စည်း တင်ဆောင်လို့ ဖမ်းဆီးခံရတဲ့ ကားအစီး ၆၀ ကျော်ဟာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် ဖွင့်လှစ်ထားတဲ့ စပယ်ဂူတံတားဂိတ်နဲ့ ကျိုက်မရောအဖွဲ့စုံဂိတ်ကို ဖြတ်ပြီးမှ ဖမ်းဆီးခံတဲ့အပေါ် ဒေသခံပြည်သူတွေအကြား မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အသွင်ပြောင်း အစိုးရက ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်းဈေးနှုန်း အဆမတန် မြင့်တက်လာပြီး ကုန်ပစ္စည်းအများစု ပြတ်လပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.