မြင်းခြံ၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ ထောင်တွင်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးမိုးနိုင် (ခ) ဦးဒိန်းဒေါင်ဟာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အရေးပေါ် ဆေးဝါးကုသခွင့် ပျက်ကွက်မှုကြောင့် စက်တင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်မှာ သေဆုံးခဲ့တာပါ။

ဦးစိုးမိုးနိုင်ဟာ ၈၈ မျိုးဆက်တစ်ဦးဖြစ်ပြီး ကျောင်းသားလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ကာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မန္တလေးမြို့မှ ဦးဆောင်သူအဖြစ် ရှေ့တန်းမှ ပါဝင်ခဲ့သလို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ မန္တလေးမြို့ရဲ့ ပထမဦးဆုံး ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်ပါတယ်။

ဒါ့အပြင် မြသပိတ်စစ်ကြောင်းမှာလည်း ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး မန္တလေးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်အုပ်စုက မတရားစွပ်စွဲချက်များစွာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က)၊ ပေါက်ကွဲစေတက်သော ဝတ္ထုပစ္စည်းများအက်ဥပ‌ဒေ ပုဒ်မ ၅ တို့နဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဦးစိုးမိုးနိုင်ဟာ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိသူတစ်ဦးဖြစ်ကာ အကျဉ်းထောင်အတွင်း ရုတ်တရက် အမောဖောက်လာတာကြောင့် မြင်းခြံဆေးရုံကြီး ပို့ဆောင်ခဲ့ပေမယ့် အကျဉ်းထောင်ရဲ့ အချိန်မီပို့ဆောင်မှု ပျက်ကွက်တာကြောင့် ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အကျဉ်းသားတွေ လုံလောက်တဲ့ ဆေးကုသခွင့် မပေးတာ၊ ဆေးရုံကို အချိန်မီ ပို့ဆောင်းပေးဖို့ ကြန့်ကြာ ပျက်ကွက်တာကြောင့် အသက်ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အုပ်စုနဲ့ အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ တာဝန်ရှိတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.