ဟနွိုင်း၊ စက်တင်ဘာ ၁၈
စက်တင်ဘာ ၁၈ ရက်က ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ခရီးသွားလာရေး အနှောင့်အယှက် ဖြစ်မှု၊ လူနေအိမ် ရေနစ်မြုပ်မှုတွေ ဖြစ်ပြီး မြစ်ကြောင်း တချို့ရဲ့ ရေမျက်နှာပြင်ဟာ အန္တရာယ်ရှိတဲ့ အဆင့်တွေထက် ကျော်လွန်သွားခဲ့ကြောင်း အရာရှိတွေနဲ့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
ဗီယက်နမ် နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ အခု သီတင်းပတ်အတွင်း မိုးသည်းထန်ခဲ့ပြီး ဒေသ တချို့မှာ ၅၀ စင်တီမီတာ (၁၉ ဒသမ ၇ လက်မ) အထိရွာသွန်းခဲ့ကြောင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လူနေအိမ် ၂၀၀၀ ကျော် ရေနစ်မြုပ်သွားခဲ့ပြီး အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့သလို လူနေအိမ် ၁၀၀၀ ကျော်ဟာ ပြင်ပနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။
မြို့တော် ဟနွိုင်းတောင်ဖက်မှာ မြေနိမ့်ပိုင်းရော ကုန်မြင့်ပိုင်းဒေသတွေပါ ပါဝင်တဲ့ နန်ဘင်းနဲ့သန်ဟွာပြည်နယ်တို့ဟာ အဆိုးရွားဆုံး ထိခိုက်တဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ ရာသီဥတုကြောင့် ထိခိုက်အလွယ်ဆုံး ရေဘေးအန္တရာယ် အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြင်းထန်တဲ့ မုန်တိုင်းတွေ ဆက်တိုက်ဆိုသလို တိုက်ခတ်မှုကြောင့် ရေကြီး ရေလျှံမှုတွေအတွက် ကြိုတင် ပြင်ဆင်ရေး စီမံခန့်ခွဲရေး နည်းလမ်း အသစ်တွေ ရှာဖွေခဲ့ရပါတယ်။
သန်ဟွာပြည်နယ်မှာ ရေဘေးကြောင့် ကျောင်းသွားချိန် အန္တရာယ်ရှိနိုင်တဲ့ အတွက် ကျောင်းသားတွေအနေနဲ့ အိမ်မှာပဲ နေကြဖို့ အရာရှိတွေက ပြောထားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက ဟနွိုင်းမြို့ လမ်းမတွေ တော်တော်များများ ရေနစ်မြုပ်ခဲ့ပြီး တချို့နေရာတွေမှာ တစ်မီတာနီးပါး (၃ ဒသမ ၂ ပေ) အထိ နစ်မြုပ်ခဲ့တာကြောင့် ယာဉ်သွားလာဖို့ အခက်အခဲ ရှိတဲ့အတွက် ဒေသခံတွေ အလုပ်သွားဖို့ ကလေးတွေ ကျောင်းသွားဖို့နဲ့ အိမ်အပြင်ကို ထွက်ဖို့ အခက်ကြုံခဲ့ ပါတယ်။
စက်တင်ဘာ ၁၇ ရက် ညပိုင်းကနေ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းအထိ မိုးရွာသွန်းမှု ၁၅ စင်တီမီတာ (၅ ဒသမ ၉ လက်မ) အထိ ဒေသတချို့မှာ ရွာသွန်းခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ဟနွိုင်းရှိ အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်တွေ တော်တော်များများကို စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းအထိ ဆက်လက် ပိတ်ထားပြီး အွန်လိုင်းက ပြောင်းလဲ သင်ကြားပို့ချခဲ့ရပါတယ်။
လေအေးတွေ အများကြီး တောင်ပိုင်းသို့ ရွေ့လျားနေတာကြောင့် ဗီယက်နမ်ရဲ့ ရေကြီးလေ့ရှိတဲ့ ဘဏ္ဍာရေးမြို့တော် ဟိုချီမင်း စီးတီး အပါအဝင် နိုင်ငံတောင်ပိုင်းမှာ စက်တင်ဘာ ၁၇ ရက်က စတင်ပြီး ငါးရက် မိုးသည်းထန်မယ်လို့ မျှော်လင့်ရပါတယ်။
Ref:Khaosodenglish

