တနင်္သာရီ၊ စက်တင်ဘာ ၁၉
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၇ ရက်အထိ တနင်္သာရီမြို့နယ် ပြည်အေး၊ သံတိုက်၊ ကျောက်အင်းဖျာနဲ့တကူကျေးရွာတို့ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ကျောက်အင်းဖျာရွာက အသက် ၁၉ နှစ်အရွယ် လူငယ် နှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် လေးလုံးနဲ့ သီးပင်စားပင်တွေ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း တနင်္သာရီအခြေစိုက် တပ်ရင်းတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ညဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ဒရုန်းနဲ့လက်နက်ကြီးရန်တွေကြောင့် ပြည်အေး၊သံတိုက်၊ကျောက်အင်းဖျာနဲ့တကူကျေးရွာတို့က ဒေသခံပြည်သူတချို့ ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်တာတွေ ရှိလာပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစလို့ မောတောင်-တနင်္သရီလမ်းပိုင်းက ကျေးရွာတွေအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

