မနီလာ၊ စက်တင်ဘာ ၁၉
စက်တင်ဘာ ၁၈ ရက်က ဖိလစ်ပိုင်တောင်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းမှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကိုယ့်ကိုယ်ကို ပစ်သတ်လိုက်တဲ့ အသက် ၁၆ နှစ်အရွယ် သေနတ်သမား အပါအဝင် ကျောင်းသား ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာ ပြင်းထန်သူ ၄ ဦး အပါအဝင် တခြား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် သေဆုံးသူ အားလုံးဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အရွယ်ရှိ ကျောင်းသားတွေဖြစ်တယ်လို့ တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါမြို့ရဲ့ မြို့တော်ဝန် အဲလ်ဘက် ပလန်စီယာက ပြောပါတယ်။
မင်ဒါနာအိုကျွန်းပေါ်ရှိ တောင်ကိုတာဘာတိုပြည်နယ် ဘန်ဂါ အမျိုးသား အထက်တန်း ကျောင်းမှာ မွန်းလွဲ ၁ နာရီခွဲက ပစ်ခတ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆက်သွယ် အကြောင်းကြားမှုကို ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားတွေ လက်ခံရရှိခဲ့ပါတယ်။
ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် သေဆုံးပြီး နှစ်ယောက်စလုံး ၉ တန်း ကျောင်းသားတွေဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
အရင်က ပစ်ခတ်တိုက်ခိုက်မှု ကြုံတောင့်ကြုံခဲ ဖြစ်ခဲတဲ့ ဖိလစ်ပိုင်က စာသင်ကျောင်းတွေမှာ ဇွန်လနောက်ပိုင်း လူသေဆုံးမှုရှိတဲ့ ပစ်ခတ် တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် အခု ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။
သေနတ်သမားဟာ သူ့သူငယ်ချင်းတွေ ဘေးနားမှာ ထိုင်ပြီး နေ့လယ်စာ စားပြီးရင် သူ့ အစီအစဉ်ကို အပြီးသတ် လုပ်ဆောင်မှာ ဖြစ်တာကြောင့် အိမ်ပြန်သွားကြဖို့ သူတို့ကို ပြောကြားခဲ့တယ်လို့ ဘန်ဂါ မြို့တော်ဝန် ပလန်စီယာက ပြောပါတယ်။
အဲဒီ သေနတ်သမားဟာ နောက်ပြောင်လေ့ရှိသူ ဖြစ်တာကြောင့် သူ့ရဲ့ သူငယ်ချင်းတွေက ရယ်မောဟားတိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နေ့လယ်စာ စားချိန်ပြီးနောက်မှာ သူက ကျောင်းသားတွေကို စတင် ပစ်ခတ်ခဲ့ပြီး သူ့ကိုယ်သူ ပစ်မသတ်ခင် ကျောင်းသား ၁၀ ယောက်ကို ပစ်ခတ်ခဲ့တာပါ။
သေနတ်သမားဟာ ပညာရေးဌာနအရာရှိတွေရဲ့ သား ဖြစ်ပြီး အိမ်က မီးခံသေတ္တာထဲကနေ သေနတ်ကို ရယူလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်တဲ့သူဟာ အဲဒီကျောင်းက ၉ တန်း ကျောင်းသားတစ်ယောက် ဖြစ်ပြီးဒေသတွင်း ဆေးရုံတစ်ခုမှာ သေနတ်ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေသူ အနည်းဆုံး ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။
သေနတ်သမားဟာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတဲ့ ၉ မမ ခြောက်လုံးပြူး သေနတ်ကို သုံးခဲ့တာ ဖြစ်ပြီး တကိုယ်တော် တိုက်ခိုက်ခဲ့တာပါ။
ဖိလစ်ပိုင် စာသင်ကျောင်းတွေမှာ ကြုံတောင့်ကြုံခဲ ပစ်ခတ် တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အခုလ အတွင်း လုံခြုံရေး အားကောင်းအောင် လုပ်ဆောင်ဖို့ နိုင်ငံတဝှမ်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref:Agencies

