ဝါရှင်တန်၊ စက်တင်ဘာ ၁၉

အမေရိကန်နဲ့ ဒိန်းမတ်တို့က ဂရင်းလန်းဒေသရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ သဘောတူညီမှု တစ်ရပ် ရရှိကြောင်း ကြေညာလိုက်ပါတယ်။

အဲဒီ ဒေသကို အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သံတမန်ရေး အငြင်းပွားမှုလည်း အဲဒီ သဘောတူညီမှုကြောင့် ပြေလည်သွားပြီ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုကြောင့် အမေရိကန်အနေနဲ့ ဂရင်းလန်းဒေသ လုံခြုံရေးနဲ့ တခြားလိုအပ်ချက် အားလုံးကို အမြဲတမ်း ထိန်းချုပ်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ဒိန်းမတ် ဝန်ကြီးချုပ်ကတော့ သဘောတူညီမှုကြောင့် အာတိတ်နဲ့ မြောက်အတ္တလန္တိတ် ဒေသမှာ လုံခြုံရေး အားကောင်းလာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လူမှုမီဒီယာမှာ ထရန့် ပြောဆိုထားတဲ့ သဘောတူညီမှုအတွင်း ပါဝင်တဲ့ အချက်တွေကို သူက ရှင်းလင်း ပြောကြားသွားတာ မရှိပါဘူး။

ဂရင်းလန်းဒေသရဲ့ သတ္တုကြွယ်ဝမှုနဲ့ ကာကွယ်ရေးအတွက် ဗျူဟာမြောက် တည်နေရာမှာ ရှိနေတာကို အကြောင်းပြပြီး အမေရိကန် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ အဲဒီ ဒေသကို သိမ်းယူမယ်လို့ ထရန့်က လများစွာကြာ ခြိမ်းခြောက်ခဲ့ပြီးနောက် အခုလို သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Truth Social လူမှုမီဒီယာ ပို့စ် တစ်ခုမှာ ထရန့်က သဘောတူညီမှုအတွက် အမေရိကန်အနေနဲ့ ပေးဆပ်ရတာ မရှိဘဲ ဂရင်းလန်းရဲ့ လုံခြုံရေးကို ကာကွယ်ဖို့နဲ့ လုံခြုံအောင် လုပ်ဖို့ လိုအပ်တာတွေ အမေရိကန် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီ သဘောတူညီမှုကို လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း ဒိန်းမတ် ဝန်ကြီးချုပ် မစ္စစ် မက်တီ ဖရက်ဒရစ်ဆန်က အတည်ပြုထားပါတယ်။

အဲဒီ သဘောတူညီမှုက ဒိန်းမတ်ရဲ့ နယ်နိမိတ်ဆိုင်ရာ ပေါင်းစည်းမှုနဲ့ အချုပ်အခြာအာဏာကို အသိအမှတ် ပြုထားပြီး ဂရင်းလန်း ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကိုလည်း အသိအမှတ် ပြုထားပေမယ့် သဘောတူညီမှုကို လွှတ်တော်အမတ်တွေက အတည်ပြုဖို့ လိုသေးတယ်လို့ သူက ပြောပါတယ်။

သတ္တုကြွယ်ဝတဲ့ ဒိန်းမတ် နယ်နိမိတ် ဂရင်းလန်းကို ဝယ်ယူဖို့ ဒါမှမဟုတ် သိမ်းပိုက်ဖို့ ထရန့်က လများစွာကြာ ကြိုးပမ်းခဲ့ပြီး ရုရှားနဲ့ တရုတ် အပါအဝင် ရန်သူတွေကြောင့် ထိခိုက်လွယ်တဲ့ ဒေသဖြစ်တယ်လို့ စောဒက တက်ခဲ့ပါတယ်။

ထရန့်က ဂရင်းလန်းကို စစ်အင်သားသုံးပြီးတော့တောင် သိမ်းယူမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် ဒိန်းမတ်နိုင်ငံသားတွေနဲ့ တခြား နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

သဘောတူညီမှုမှာ ပါဝင်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ဖော်ပြမှု မရှိတဲ့အပြင် ဒိန်းမတ် သံရုံးနဲ့ အိမ်ဖြူတော်ကလည်း မှတ်ချက် ပေးခြင်းမရှိသေးပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.