မော်လမြိုင်၊ စက်တင်ဘာ ၁၉

ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် မွန်ပြည်နယ်အတွင်းရှိ မြို့တွင်းလမ်းပိုင်းတွေကို အဆင့်မြှင့်တင်ပေးသွားမယ်လို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ စည်ပင်သာယာရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ကတိပြုပြောဆိုခဲ့တာပါ။

ဦးအောင်ဝင်းသန်းက ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွင်းရှိ မြို့တွေအားလုံးကို မြို့အင်္ဂါရပ်နဲ့အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်စေရေးအတွက် လမ်းတွေ အဆင့်မြှင့်တင်ပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မြို့တွေမှာ ဈေးတွေ ပြုပြင်တည်ဆောက်တာ၊ တိမ်ကောနေတဲ့ ရေကန်တွေ ပြန်လည်တူးဖော်တာ၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းတွေ တူးဖော်ပေးမယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းရှိ မြို့တွင်း လမ်းပိုင်းတွေအပါအဝင် ပြည်ထောင်စုလမ်းပိုင်းတွေဟာ စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက်မှာလည်း ပြုပြင်မှု မရှိတဲ့အတွက် ချိုင့်ခွက်ကြီးတွေ ဖြစ်ပေါ်တာ၊ ခရီးသွားယာဉ်တွေ မကြာခဏ ဘီးပေါက်တာတွေ ဖြစ်နေတာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

အခုလို အများပြည်သူတွေရဲ့ ဝေဖန်မှုတွေ မြင့်တက်နေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ မော်လမြိုင် – ကျိုက်ထို၊ မော်လမြိုင် – သံဖြူဇရမ်လမ်းပိုင်းက နေရာတချို့မှာ စစ်တပ် အသွင်ပြောင်း အစိုးရအဖွဲ့က ချိုင့်ခွက်ဖာထေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် ဒေသခံပြည်သူတွေကတော့ ပျက်စီးမှု များပြားနေတဲ့ လမ်းပိုင်းတွေကို ထပ်ပိုးလွှာခင်းတာ ဒါမှမဟုတ် နိုင်လွန်ကတ္တရာ ခင်းကျင်းတာတွေ လုပ်ဆောင်ပေးဖို့ လိုလားနေကြပါတယ်။

၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၆၄၀၀ ကျော် သုံးစွဲခွင့်ရရှိထားပြီး အဲဒီထဲမှာ စည်ပင်သာယာရေးအဖွဲ့နဲ့ လမ်းဦးစီးဌာနဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော်စီနဲ့ အများဆုံး သုံးစွဲခွင့်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.