ဆာနာအာ၊ ဇူလိုင် ၂၈

ကမ္ဘာ့လောင်စာ တင်ပို့မှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန် ထိန်းချုပ်ထားသလို ယီမင်နိုင်ငံရှိ ဟိုသီ အဖွဲ့ကလည်း ပင်လယ်နီ သင်္ဘော လမ်းကြောင်းကို ထိန်းချုပ်ဖို့ ဆန္ဒရှိနေကြောင်း ယီမင် ထိပ်တန်း သံတမန်က ပြောပါတယ်။

ဟူသီ အဖွဲ့က အီရန်ရဲ့ လုပ်ရပ်အတိုင်း ပုံစံတူ ကူးချဖို့ လုပ်ဆောင်နေတာကြောင့် ပင်လယ်နီရှိ ဘတ်အယ်လ် မန်ဒက် ရေလက်ကြားနဲ့ ဟောမု့ဇ် ရေလက်ကြား နှစ်ခုစလုံး ပိတ်ဆို့ခံရနိုင်ကြောင်း ယီမင်နိုင်ငံရှိ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး အက်ဖရာ အယ်လ်ကူးမားက ဇူလိုင် ၂၇ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဟူသီ အဖွဲ့ဟာ ဒေသတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ တုံ့ပြန်မှု မလုံလောက်တာကြောင့် ပိုမို ရဲတင်းလာနေတယ်လို့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီးယာ့ဒ်မြို့ရှိ ယီမင်သံရုံးမှာ ဝန်ကြီး အယ်လ်ကူးမားက ပြောဆိုခဲ့တာပါ။

ဘတ်အယ်လ် မန်ဒက် ရေလက်ကြားဟာ ပင်လယ်နီကို ဧဒင်ပင်လယ်ကွေ့၊ ကျယ်ပြန်တဲ့ အိန္ဒိယသမုဒ္ဒရာတို့နဲ့ ဆက်သွယ်ပေးတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

အဲဒီ ရေလမ်းကြောင်းဟာ ဟောမုဇ့် ရေလက်ကြားလိုပဲ ကမ္ဘာ့ ကုန်စည်တွေ စီးဆင်းမှုအတွက် အရေးပါတဲ့ လမ်းကြောင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကုန်တင်သင်္ဘော ဖြတ်သန်းမှု ၃၀ ရာခိုင်နှုန်းဟာ ပင်လယ်နီကို ဖြတ်သန်းသွားတာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း ကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ဖြတ်သန်းနေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

ယီမင်နိုင်ငံရဲ့ ပထဝီအနေအထားအရ နိုင်ငံ အနောက်ပိုင်းကို ဘယ်သူကပဲ ထိန်းချုပ်ချုပ် အဲဒီ ရေလက်ကြားအပေါ် သြဇာလွှမ်းမိုးမှုရှိတဲ့ ထိန်းချုပ် ကွပ်ကဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

ရေကြောင်း ခရီးသွားလာမှု အချက်အလက်တွေအရ ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘော အရေအတွက် လျော့ကျလာနေပြီး ဇူလိုင် ၂၆ ရက်မှာ ကုန်စည်တင် သင်္ဘော ၁၁ စီးပဲ ဖြတ်သန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဟူသီအဖွဲ့က တစ်ဖက်၊ တခြား တစ်ဖက်မှာ ဆော်ဒီအာရေးဗီးယားနဲ့ ယီမင်ရှိ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကြား တင်းမာမှုတွေ မြင့်တက်လာနေချိန် ယီမင် နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လ စောစောပိုင်းမှာ ဆော်ဒီအာရေးဗီးယားက ထွက်ခွာလာတဲ့ ဒါမှမဟုတ် သူတို့ ဆိပ်ကမ်းတွေဆီ သွားတဲ့ သင်္ဘောတွေကို ဟူသီအဖွဲ့က တားဆီးခဲ့ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်း ယီမင်ရှိ ဟူသီအဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုဒိုင်ဒါ ဆိပ်ကမ်းကို ဆော်ဒီအာရေးဗီးယားက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဟိုဒိုင်ဒါ ဆိပ်ကမ်းအနီး အခုလ စောစောပိုင်းက ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေအတွင်း ယီမင်အစိုးရ တပ်ဖွဲ့ဝင်တွေနဲ့ ဟူသီ အဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့က မြို့တော် ဆာနာအာကိုသိမ်းပိုက်ပြီး အဲဒီအချိန်က သမ္မတ မန်ဆော ဟာဒီ နိုင်ငံတွင်းကနေ ထွက်ပြေးသွားရမှုနဲ့ ပြည်တွင်းစစ်ပွဲ စတင်ပြီးနောက် ယီမင် နိုင်ငံသား အများအပြား စစ်ဘေးရှောင်နေကြရသလို သေဆုံးသူ ထောင်ပေါင်းများစွာ ရှိပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.