နေပြည်တော်၊ ဇူလိုင် ၂၈
မြန်မာ စစ်တပ်ထောက်ခံတဲ့ လွှတ်တော်က ကျားဖြန့်လုပ်ငန်းတွေမှာ လူတွေကို ထိန်းသိမ်းထားတာ ဒါမှမဟုတ် အကြပ်ကိုင်ပြီး အကြမ်းဖက် ပို့ဆောင် အလုပ်လုပ်ခိုင်းသူတွေအပေါ် သေဒဏ်ချမှတ်မယ့် ဥပဒေကို ဇူလိုင် ၂၈ ရက်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပူးပေါင်း ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း လွှတ်တော်အမတ်တွေက အဲဒီ ဥပဒေကြမ်းအတွက် အပြောင်းအလဲတွေကို အတည်ပြုခဲ့ပြီးနောက် ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေ အတည် ဖြစ်လာတာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ အောင်လင်းဒွေးက ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း ပြောပါတယ်။
ပြည်သူ့လွှတ်တော် လွှတ်တော်အမတ် အေးချမ်းက သေဒဏ်ပေးမှုဟာ ခွင့်ပြုထားတဲ့ ဥပဒေ သတ်မှတ်ချက်အတိုင်း ဆက်ရှိနေဆဲ ဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနသို့ အတည်ပြုပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အဲဒီ အဆိုပြုထားတဲ့ ဥပဒေကြမ်းအတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ခဲ့တာ မရှိပါဘူး။
ဥပဒေကြမ်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေဟာ အတူတူပဲ ဆက်ရှိနေသေးတယ်လို့ လွှတ်တော်အမတ် အေးချမ်းက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်း ကျူးလွန်ဖို့ တခြားလူ တစ်ယောက်ယောက်ကို အတင်းအကြပ် စေခိုင်းတာ ရက်ရက်စက်စက် ပြုမူတာ၊ မတရားဖမ်းဆီးတာ၊ အကြမ်းဖက်တာ နဲ့ နှိပ်စက်တာ ကျူးလွန်သူတွေအတွက် သေဒဏ်အပြင် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ချမှတ်ရေး အဲဒီ ဥပဒေကြမ်းမှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။
အဲဒီလို ဥပဒေ ချိုးဖောက်မှုမျိုး ကျူးလွန်ရင် လူသေဆုံးမှု ဖြစ်စေခဲ့မယ် ဆိုရင် ကျူးလွန်သူတွေအပေါ် သေဒဏ် ချမှတ်မှာ ဖြစ်ကြောင်း ဥပဒေ သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။
ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို အမြင်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်မှာ ဖြစ်ကြောင်းလည်း သတ်မှတ်ချက်တွေမှာ ရေးပါတယ်။
အရှေ့တောင်အာရှမှာ ရှင်သန် ကြီးထွားလာတဲ့ ကျားဖြန့် လုပ်ငန်းတွေရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ တွင်ကျယ်လာခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေက အွန်လိုင်းတဆင့် ချစ်ကြောင်း ကြိုက်ကြောင်း ပြောပြီး လိမ်လည်တာကနေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခိုင်းပြီး ကမ္ဘာတဝှမ်း လူသန်းပေါင်းများစွာဆီက နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ လိမ်လည် ရယူနေတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လုပ်ငန်းတွေမှာ အလုပ်စေခိုင်းမယ့် လူတွေကိုလည်း ကမ္ဘာတဝှမ်းက အလုပ်လိမ်လည် ခေါ်ယူမှု ဒါမှမဟုတ် လူမှောင်ခိုကူးမှုကတဆင့် ခေါ်ယူပြီး အတင်းအကြပ် အလုပ်စေခိုင်းမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
Ref:AFP/Dailymail

