မြဝတီ၊ ဇူလိုင် ၂၈

ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ဒေသရှိ ကျားဖြန့်ဆိုက် ဝင်ရောက်စီးနင်းမှုမှာ ကျားဖြန့်လုပ်သား ၇၇၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ် ကျားဖြန့်ဆိုက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းက သတင်းအရ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၆၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၁၁၁ ဦး စုစုပေါင်း ၇၇၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ star link ဗန်း ၁ ခု၊ ကွန်ပျူတာမျိုးစုံ ၈၅ လုံး၊ ဖုန်းမျိုးစုံ ၁၈၃ လုံး တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

DKBA ကျောက်ခတ်ဒေသရှိ ကျားဖြန့်ဆိုက်ကို စစ်တပ် ဝင်ရောက်စီးနင်းမယ်ဆိုတဲ့ သတင်းကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်ကတည်းက အဲဒီဒေသက ကျားဖြန့်လုပ်သား အများအပြားဟာ DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်ဒေသထဲ အစုံလိုက် အပြုံလိုက် ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။

နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဒီစီးနင်းမှုဟာ DKBA ရဲ့ ခွင့်ပြုချက်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး  မပြောင်းရွှေ့ရသေးတဲ့ ကျားဖြန့်လုပ်သား အနည်းငယ်သာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်ခတ် ကျားဖြန့်ဆိုက်ဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုင်းကျော်လှ ထိန်းချုပ်ထားတဲ့ မြဝတီမြို့တောင်ဘက် ကျောက်ခက်ဒေသအတွင်း တည်ရှိတာ ဖြစ်ပါတယ်။

DKBA တာဝန်ရှိသူတွေနဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြရာ DKBA အနေနဲ့ ကျားဖြန့်နဲ့ မပတ်သက်ဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.