ဝါရှင်တန်၊ ဇူလိုင် ၂၈
အီရန် စစ်ပွဲကို အမေရိကန်နိုင်ငံသား ၃ ဦးမှာ ၁ဦးကပဲ ထောက်ခံကြောင်း Reuters/Ipsos စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါက ငါးလကြာ ပဋိပက္ခအတွင်း စောစောပိုင်းရက်တွေကထက် ထောက်ခံမှု အနည်းဆုံး အနေအထားကို ရောက်ရှိလာတာ ဖြစ်ပြီး သမ္မတ ဒေါ်နယ် ထရန့် အနေနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်း ဖော်ပြဖို့ ပျက်ကွက်နေတယ်လို့ စစ်တမ်း ဖြေဆိုသူ အများစုက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်နဲ့ ၂၆ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ သဘောထား စစ်တမ်း ကောက်ယူမှုက ရီပက်ဘလေကန် သမ္မတရဲ့ လူထုထောက်ခံမှု ၃၇ ရာခိုင်နှုန်းအထိ မြင့်တက်လာဖို့ ရှိနေပြီး သူ့ရဲ့ သမ္မတ သက်တမ်းမှာ အနည်းဆုံး လူထုထောက်ခံမှုရဖို့ ရှိနေတဲ့ အခြေအနေကနေ ၃ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
အီရန် နိုင်ငံသားတွေအတွက် သူတို့ရဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချရေး ကူညီပေးတာ၊ အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် စွမ်းပကားတွေကို တားဆီးတာ၊ နျူကလီးယား လက်နက်တွေ မပိုင်ဆိုင်နိုင်အောင် တားဆီးတာတွေမျိုးလို စစ်ပွဲနဲ့ ပတ်သက်လို့ ဦးတည်ချက်တွေ ပြောင်းလဲမယ်ဆိုပြီး ထရန့်က ကမ်းလှမ်းထားပါတယ်။
စစ်တမ်းအရ ရီပက်ဘလေကန် ၁၀ ဦးမှာ ၄ ဦး အပါအဝင် အမေရိကန် နိုင်ငံသား ၆၉ ရာခိုင်နှုန်းက ထရန့် အနေနဲ့ အီရန်ကို စစ်ရေးအရ တိုက်ခိုက်ရတဲ့ အကြောင်းရင်ကို မရှင်းပြဘူးလို့ ယူဆထားကြတာ ဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး အိုလီဗာ ဝေးလ်စ်က ထရန့် အနေနဲ့ အီရန် နျူကလီးယား လက်နက်တွေ မရရှိစေရေး ကြိုတင် ဆောင်ရွက် ဖြေရှင်းနေတာ ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုပါတယ်။
အမေရိကန် နိုင်ငံသားအများစုအနေနဲ့ သူတို့ကို ဘေးကင်းအောင် ထားရှိရေး တပ်ချုပ်ကြီးက ရဲတင်းတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာကို အမှတ်ရသင့်ကြောင်း သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ထရန့်ရဲ့ အီရန် စစ်ပွဲအပေါ် ထောက်ခံမှု ၄၀ ရာခိုင်နှုန်း အောက် ကျဆင်းသွားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ အီရတ် စစ်ပွဲ အတွင်းစောစောပိုင်းလတွေမှာ အမေရိကန် နိုင်ငံသား ၇၀ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစကနေ ၂၀၂၁ ခုနှစ်အထိ ကြာခဲ့တဲ့ အာဂန်နစ္စတန် စစ်ပွဲ စောစောပိုင်းရက်တွေမှာ ထောက်ခံသူ အမေရိကန် နိုင်ငံသား ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ အများပြည်သူ ထောက်ခံမှု မရှိတာက အမေရိကန် လွှတ်တော်အတွင်း အနည်းငယ် အသာရထားတဲ့ လူများစု အမတ်နေရာကို သမ္မတရဲ့ မဟာမိတ်တွေ ကာကွယ်ရမယ့် နိုဝင်ဘာလ သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ထရန့်နဲ့ ရီပက်ဘလေကန် ပါတီအပေါ် ဖိအားတွေ ရှိလာ စေမှာ ဖြစ်ပါတယ်။
မိမိတို့ အနေနဲ့ အဆုံးသတ်မှာ မဟုတ်တဲ့ အိပ်မက်ဆိုး တစ်ခုထဲကို ရောက်ရှိနေပြီး မိမိတို့ရဲ့ အနေအထားကို ပြောင်းလဲသွားစေမယ့် အရာ ဘာမှမရှိတာကြောင့် အခုအချိန်မှာ မှန်ကန်တာကိုပဲ လုပ်ပေးဖို့ မိမိအနေနဲ့ တောင်းဆိုလိုကြောင်း ရီပက်ဘလေကန် ထောက်ခံသူ တစ်ဦးက ပြောပါတယ်။
အီရန် စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာ မြင့်တက်လာနေပြီး အမေရိကန် နိုင်ငံသားတွေ အများကြီးအတွက် ဘဏ္ဍာရေးဆိုင်ရာ ထိုးနှုက်ချက် တစ်ခု ဖြစ်လာပါတယ်။
ဖေဖော်ဝါရီ ၂၈ရက်က စစ်ပွဲ မစခင် ရေနံ တစ်ဂါလံကို ၃ ဒေါ်လာ ရှိခဲ့ရာက စစ်ပွဲ စပြီး နောက်ပိုင်း တစ်ဂါလံကို ၄ ဒေါ်လာအထိ မြင့်တက်လာခဲ့ပါတယ်။
သက်တမ်းဝက် ရွေးကောက်ပွဲအတွင်း ရီပက်ဘလေကန် ကိုယ်စားလှယ်တွေကို ထောက်ခံမှု ၂၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒီမိုကရက်တွေကို ထောက်ခံမှု ၃၆ ရာခိုင်နှုန်း အထိ ရှိနိုင်ကြောင်း Reuters/Ipsos စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အမှီအခိုကင်းတဲ့ မဲပေးသူတွေက ရီပက်ဘလေကန်တွေထက် ဒီမိုကရက်တွေကို ထောက်ခံမှု ပိုများလာနိုင်ကြောင်းလည်း စစ်တမ်းက ဖော်ပြပါတယ်။
၂၀၂၄ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွင်း ထရန့်က အမေရိကန်ကို ကြုံလာရမယ့် ပဋိပက္ခတွေထဲ ဝင်မပါမိအောင် လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။
သူက ကနဦးမှာ အီရန် စစ်ပွဲဟာ သီတင်း ၄ ပတ်ကနေ ၅ ပတ်လောက်ပဲ ကြာလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။
ထရန့်အနေနဲ့ အစ္စရေး ဒါမှမဟုတ် တခြား မဟာမိတ်တွေကို ကူညီရေးထက် ပြည်တွင်း ကိစ္စရပ်တွေကို ဦးစားပေး ဖြေရှင်းသင့်တယ်လို့လည်း စစ်တမ်းမှာ ပါဝင်သူတွေက ဖြေဆိုထားကြပါတယ်။
Ref:Reuters

