မူရစ်ကီ၊ ဇူလိုင် ၂၈

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ကျေးရွာတွေမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်နေစဉ် ဇူလိုင် ၂၇ ရက်က ဒေသခံတွေဟာ အိုးအိမ်များ စွန့်ခွာပြီး လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စေတနာ့ ဝန်ထမ်းများက မော်တော်ဘုတ်တွေနဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးနေတာကို အေအက်ဖ်ပီ ဂျာနယ်လစ်တွေ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ပါကစ္စတန်ရဲ့ လူနေ အထူထပ်ဆုံး ပွန်ဂျပ်ပြည်နယ် မူရစ်ဒီ ဒေသမှာ လူအများ ပိတ်မိဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဆီကို ကယ်ဆယ်ရေးသမားတွေ ရောက်မလာတာ လေးရက်ကြာပါပြီလို့ အသက် ၃၂ နှစ်အရွယ် ဒေသခံ အီကရာ ဆော်လ်မန်က ပြောပါတယ်။

သူတို့ အနေနဲ့ လျှပ်စစ်မီး မရသလို သန့်ရှင်းတဲ့ ရေလည်း မရှိ ဖြစ်နေပြီး စားနပ်ရိက္ခာတွေလည်း ကုန်သလောက် ဖြစ်နေပြီလို့ သူက ပြောပါတယ်။

ရေနစ် သေဆုံးတာ နေအိမ်ပေါ်က ပြုတ်ကျတာ အပါအဝင် ရေကြီးရေလျှံမှုနဲ့ ဆက်စပ်တဲ့ မတော်တဆ ဖြစ်ရပ်တွေကြောင့် ဇူလိုင် ၂၆ ရက်အထိ ပါကစ္စတန်မှာ သေဆုံးသူ ၁၀၉ ဦး ရှိပြီ ဖြစ်ပါတယ်။

တချို့ ဒေသတွေမှာ ရွာလုံးကျွတ် ရေဖုံးလွှမ်းနေပြီး ကယ်ဆယ်ရေး အဖွဲ့တွေ လက်လှမ်းမမီနိုင်တဲ့ ဒေသတွေ အများကြီး ရှိနေပါတယ်။

ရေကြီးရေလျှံမှုနဲ့ ဆက်စပ်တဲ့ သေဆုံးသူတွေထဲက သုံးပုံ တစ်ပုံဟာ ပွန်ဂျပ် ပြည်နယ်က ဖြစ်ပါတယ်။

စေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေက လူတွေကို ကယ်တင်ရင်း ကျေးရွာပေါင်း တစ်ဒါဇင်လောက်က ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဆယ်ယူပေးဖို့ ကြိုးပမ်းနေကြပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးနိုင်ရေး အဓိက အာရုံစိုက် လုပ်ဆောင်နေကြောင်း ပွန်ဂျပ် ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ရေကြီး ရေလျှံမှုကြောင့် အညိုရောင် ရေတွေရှိတဲ့ ရေကန် အကြီးကြီး တစ်ခုရဲ့ အလယ်ခေါင်မှာ နေနေရသလို ဖြစ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်သား ဟားရစ် ဒါက ပြောပါတယ်။

မူရစ်ကီ ပြည်နယ်ရှိ ရာဗီ မြစ်ရေဟာ ဇူလိုင် ၂၇ ရက်က သိသိသာသာ မြင့်တက်လာပြီး ကယ်ဆယ်ရေး ခိုလှုံရေးအတွက် ယာယီ တဲတွေ ဖွင့်လှစ်ထားပါတယ်။

ဒါပေမဲ့ ဒေသခံတွေအနေနဲ့ ဘေးကင်းရာနေရာတွေဆီ ရောက်လာနိုင်ပြီ ဆိုရင်တောင် စိုစွတ်မှု ရှိတဲ့ အပူချိန်၊ တဲ သေးသေးလေးတွေထဲ အိပ်စက်ရတာ၊ ဘေးပတ်ပတ်လည် ရေကြီးနေတာ စတဲ့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ပြိုကျမှုတွေလည်း ရှိနေပါတယ်။

ရေမျက်နှာပြင် အလျင်အမြန် မြင့်တက်လာတာကြောင့် ပစ္စည်းတွေ မသိမ်းဆည်းနိုင် မယူဆောင်ဘဲ ထွက်ပြေးရသူတွေလည်း ရှိနေပါတယ်။

ပါကစ္စတန်ဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ထိခိုက်လွယ်တဲ့ နိုင်ငံ ဖြစ်ပြီး နေသားကျအောင် လုပ်ဆောင်ဖို့ အတွက်ကလည်း အရင်းအမြစ်တွေ အကန့်အသတ်နဲ့ပဲ ရှိနေတာ ဖြစ်ပါတယ်။

တောင်အာရှမှာ တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးရေးအတွက် မုတ်သုန်မိုးကို အားကိုးနေရတာ ဖြစ်ပေမယ့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဒေသတဝှမ်း မကြုံစဖူး လူသေဆုံးမှုများတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ရေကြီး ရေလျှံမှု မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၀ ရက်နဲ့ ၂၆ ရက်ကြား လူ ၃၄ ဦး သေဆုံးခဲ့ပါတယ်။

အရှေ့ပိုင်း နူရစ်စတန်ပြည်နယ်မှာ ရေကြီးရေလျှံမှုများကြောင့် လူ ၁၀၀ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ခြောက်သွေ့တဲ့ ဒေသတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားပြီး ဥရောပမှာလည်း တောမီးလောင်ကျွမ်းမှု အခြေအနေ ဆိုးရွားနေပါတယ်။

ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး နိုင်ငံအများက ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ကြိုးပမ်းနေပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကတော့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး ပယ်ချထားပါတယ်။
Source: AFP/fs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.