မြဝတီ၊ ဇူလိုင် ၃၀

ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ မပါဖို့ DKBA ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်)က တားမြစ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအမိန့်အရ DKBA တပ်ဖွဲ့ဝင်တွေအနေနဲ့ ဖလူးဒေသတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ မပါဝင်ကြဖို့နဲ့ ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

ဖလူးဒေသတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ DKBA တပ်ဖွဲ့ဝင်တွေ မပါဝင်ဖို့ တားမြစ်အမိန့်ကိုတော့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ဗဟိုအလုပ်မှုဆောင် ကော်မတီ CEC အဖွဲ့ရဲ့ အမိန့်နဲ့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

DKBA နဲ့ စစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီးနောက် သုံးပတ်အကြာမှာ ဒီအမိန့်ထုတ်ပြန်လာတာပါ။

စစ်ရေးလေ့လာသုံးသပ်သူတွေက ဒီတားမြစ်အမိန့်ဟာ နှစ်ဖက်စစ်ရေးတွေမှာ DKBA အနေနဲ့ ကြားနေတဲ့ မူဝါဒရှိကြောင်း ဖော်ပြတာလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မြဝတီမြို့တောင်ပိုင်း နယ်စပ်တလျှောက်မှာရှိတဲ့ သိမ်းပိုက်ခံရတဲ့ တပ်စခန်းတွေ ပြန်လည်ရယူနိုင်ရေးအတွက် ပြီးခဲ့တဲ့ နှစ်ကတည်းက အင်အားလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့် လက်ရှိအချိန် ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

မြဝတီတောင်ပိုင်း ဖလူးဒေသ စစ်ဆင်ရေးကိုတော့ စစ်တပ်က ကရင်နယ်ခြားစောင့်တပ် BGF ၊ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့နဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပြီး ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.