လောင်းလုံး၊ ဇူလိုင် ၃၁
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူလူထု ၈၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၅၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် မြို့ဟောင်း၊ မောင်းမကန်နဲ့ စွန်တောင်မွန်ကျေးရွာတို့ကို ဦးတည်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
အဲဒီစစ်ကြောင်းဟာ မြို့ဟောင်းရွာနေ အသက် ၁၆ နှစ်အရွယ် မောင်ဘိုဖြူကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အလောင်းကို လမ်းမှာပဲ စွန့်ပစ်သွားတာ ဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် မြို့ဟောင်း၊ မောင်းမကန်၊ စွန်တောင်မွန်၊ စခန်းကြီး၊ မဲအုံးလှ၊ ပန်းတင်အင်း၊ ကျောက်ဆင်၊ တောင်မင်းပြောင်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်တပ် စစ်ကြောင်းဟာ ဇူလိုင် ၂၉ ရက်နေ့ကလည်း တောင်မင်းပြောင်ကျေးရွာက နေအိမ် ၇ လုံး၊ မြို့ဟောင်းကျေးရွာက နေအိမ် ၁ လုံး၊ စုစုပေါင်း နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး မီးမရှို့မီ နေအိမ်က တန်းဖိုရှိ ပစ္စည်းတွေကိုလည်း ဖောက်ထွင်းယူဆောင်သွားတာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်း သုံးကြောင်းဟာ ဇူလိုင်ပထမအပတ်ကစလို့ ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကနေ လောင်းလုံးမြို့နယ် စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းဒေသမှာ ပညာရေးနဲ့စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ The Ants – Tanintharyi အဖွဲ့ခေါင်းဆောင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

