နေပြည်တော် ၊ ဩဂုတ် ၁

တစ်နိုင်ငံလုံး လွတ်မြောက်တဲ့အထိ တပြိုင်တည်း အတူတကွ တိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်း – Common Political Agreement (CPA) ကို ဇူလိုင် ၃၀ ရက်နေ့က သဘောတူအတည်ပြုခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ NUCC က သတင်းထုတ်ပြန်ပါတယ်။

အဲဒီမူကြမ်းမှာ တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်၊ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်၊ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်နဲ့ အထွေထွေ သဘောတူညီချက်တွေကို အတည်ပြုထားတာပါ။

သဘောတူအတည်ပြုကြတဲ့ အဖွဲ့အစည်းတွေထဲမှာတော့ NUG ၊ NUCC ၊ CRPH ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော် SFUH၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလလွှတ်တော် SFUIG၊ မန္တလေးဒေသလွှတ်‌တော် MRH နဲ့ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ MIGC တို့ ဖြစ်ကြပါတယ်။

အဲဒီအဖွဲ့အစည်းတွေဟာ ဗမာလူမျိုးနဲ့ အညာဒေသကို အခြေပြုထားပြီး လောဆယ်မှာ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို သဘောတူအတည်ပြုထားကြပေမယ့် အခြားဒေသအသီးသီးက တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေတော့ မပါဝင်ပါဘူး။

ဒါကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူတဲ့ အင်အားစုတွေအနေနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းမှာ ထပ်မံပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ထားတာ တွေ့ရတယ်။

ပထမမူကြမ်းမှာ ပါဝင်တဲ့ တော်လှန်ရေးဆိုင်ရာသဘောတူညီချက်တွေထဲမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် အတူတကွ လက်တွဲပြီး စစ်ရေးနိုင်ငံရေး အပြန်အလှန် ပံ့ပိုးမှုတွေနဲ့ အောင်ပွဲရတဲ့အထိ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ထည့်သွင်းထားတာပါ။

တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ဖြစ်ပွားတဲ့ ဘယ်လို အမြင်မတူမှုကိုမဆို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့သာ ဖြေရှင်းသွားကြဖို့ နဲ့ တစုတဖွဲ့ နယ်မြေဒေသတစ်ခု လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ တစ်နိုင်ငံလုံး လွတ်မြောက်တဲ့အထိ တပြိုင်တည်း အတူတကွ တိုက်ပွဲဝင်ကြဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမယ့် ကိစ္စရပ်တွေ ရှိလာရင် ဘုံနိုင်ငံရေးသဘောတူညီချက်အပေါ် အခြေခံပြီး တော်လှန်‌ရေးအင်အားစုတွေကြား ဆွေးနွေးတိုင်ပင် သဘောထားရယူကာ တုန့်ပြန်သွားဖို့လည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုတည်ဆောက်မှုအတွက် အပြည့်အဝ စွဲကိုင်အသုံးပြုဖို့ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်တွေထဲမှာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ အဲဒီအတွင်းရှိ ပြည်သူတွေဟာ အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေဟာ သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိသလို အာဏာခွဲဝေမှု၊သယံဇာတခွဲဝေမှု၊အခွန်ဘဏ္ဍာခွဲဝေမှုနဲ့ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်တွေကို ပြည်ထောင်စုနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့အညီ ကျင့်သုံးတယ်လို့ ဖော်ပြထားတာပါ။

ဒါ့အပြင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုကို လူမျိုးအချင်းချင်း ပြည်နယ်/ဖက်ဒရယ်ယူနစ်အချင်းချင်း သဟဇာတရှိစွာနဲ့ အတူတကွ လက်တွဲတည်ဆောက်ကြဖို့လည်း ပါဝင်ပါတယ်။

နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေထဲမှာတော့ စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး အနာဂတ်မှာ စစ်တပ် နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့ နဲ့ ဖျက်သိမ်းကြောင်း ကြေညာပြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့ ဦးစားပေးထားတာပါ။

သက်ဆိုင်သူအစုအဖွဲ့တွေအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းဖို့နဲ့ ထွက်ပေါ်လာတဲ့ အဲဒီအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ/အစီအမံတစ်ရပ် ရေးဆွဲပြီး အစုအဖွဲ့စုံလင်စွာ ပါဝင်တဲ့ ဖက်ဒရယ်ညီလာခံတစ်ရပ် ကျင်းပကာ အတည်ပြုတဲ့ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်တွေထဲမှာ ထည့်သွင်းထားတာပါ။

အထွေထွေ သဘောတူညီချက်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးတယ်လို့ မှတ်ယူတာကြောင့် သူတို့ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ကူညီဆောင်ရွက်ရေးနည်းလမ်းနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်ဖို့ကိုလည်း ပထမမူကြမ်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အတူ ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ AFTA သုညမူကြမ်း ရေးဆွဲပြီးစီးကြောင်း အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.