မနီလာ၊ ဇူလိုင် ၂၄
အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ ခေါင်းဆောင်တွေ ပြန်လည် ပါဝင်ခွင့် အဝေးကြီး လိုနေသေးပြီး ၂၀၂၆ ခုနစ်အတွင်း ဖြစ်လာနိုင်ဖွယ် မရှိဘဲ စင်ကာပူက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူတဲ့ လာမယ့်နှစ်အထိတောင် ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ထရီဆာ လာဇာရိုက ပြောလိုက်ပါတယ်။
ဇူလိုင် ၂၃ ရက်က ပါဆေးမြို့မှာ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလိုမျိုး ပြောဆိုခဲ့တာပါ။
အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ မြန်မာ ခေါင်းဆောင်တွေအတွက် မေးခွန်းတွေ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
လောလောဆယ် မိမိအနေနဲ့ ပြောနိုင်တာကတော့ မြန်မာ ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးတွေကနေ ပြန်လည် ဖိတ်ခေါ်ရေး အဝေးကြီးလိုနေသေးပြီး မြန်မာ့ပြဿနာ ဖြေရှင်းရေး အာဆီယံရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုကို မိမိတို့ အနီးကပ် စောင့်ကြည့်နေကြတယ်လို့ ဝန်ကြီး လာဇာရိုက ပြောပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုတွေအတွင်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့ မေးခွန်းတွေ အများကြီး ရှိခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။
အာဆီယံ အစည်းအဝေးတွေမှာ မြန်မာ ပြန်လည် ပါဝင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပေမယ့် တိုးတက်လာမယ့် အခြေအနေတွေကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ဒါပေမဲ့ အာဆီယံ အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့ သည်းခံ စောင့်ကြည့်ဦးမှာ ဖြစ်ကြောင်း၊ မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ လိုက်နာ အကောင်အထည်ဖော်မှုရှိမယ်ဆိုရင် အခြေအနေ ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးအတွက် ၂၀၂၆ စတုတ္ထမြောက် သုံးလပတ်ကာလမှာလည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကပဲ ဦးဆောင် သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားရာ ဒေသတွေဆီကိုလည်း သွားရောက်ဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
မြန်မာနိုင်ငံရှိ ထိခိုက်လွယ်တဲ့ လူထုဆီကို လက်လှမ်းမီနိုင်ဖို့ အမှန်တကယ် ကြိုးပမ်းနေကြောင်း၊ ဂျကာတာနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့တွေလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ကို စစ်ခေါင်းဆောင်က အကောင်အထည်ဖော်ပါ့မယ်လို့ ကတိပေးခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲနေပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဝင်ရောက် ခွင့်ကို ကန့်သတ်ထားပါတယ်။
မြန်မာ့ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောထား ကွဲလွဲနေပြီး ထိုင်းနိုင်ငံကတော့ အာဆီယံနဲ့ မြန်မာ ပြန်လည် စေ့စပ်နိုင်ရေး ကူညီပေးနေတယ်လို့ ပြောထားပါတယ်။
အဖွဲ့ဝင် အသစ် ဖြစ်တဲ့ တီမောကတော့ စစ်ခေါင်းဆောင်တွေ ဦးဆောင်နေတဲ့ အစိုးရ အဖွဲ့သစ်ကို ဖိအားပိုပေးဖို့ တောင်းဆိုထားပါတယ်။
စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ အရပ်ဝတ်လဲပြီး ပြန်လည် ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ လုံးဝ မဆက်ဆံဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
Ref:Bernama

