တိုကျို၊ ဇူလိုင် ၂၃

ဂျပန်က တခြား အာရှ ၆ နိုင်ငံနဲ့အတူ ၂၀၄၆ ဖီဖာ ကမ္ဘာ့ဖလား လက်ခံကျင်းပခွင့် ရရှိရေး စီစဉ်နေကြောင်း ဂျပန် ဘောလုံး အဖွဲ့ချုပ် (JFA) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဂျပန်နဲ့ အရှေ့အာရှက တောင်ကိုရီးယားနဲ့ တရုတ် အရှေ့တောင်အာရှက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ အဲဒီ ကြိုးပမ်းမှုအတွင်း ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီ ၇ နိုင်ငံ အဆိုပြုချက်ကို နိုင်ငံတွေရဲ့ လက်ရှိ ဘောလုံး အားကစားဆိုင်ရာ အခြေခံ အဆောက်အအုံနဲ့ ဘောလုံးကွင်း ဝင်ဆံ့မှုအပေါ် အခြေခံထားတယ်လို့ JFA က ပြောပါတယ်။

အရှေ့တောင်အာရှက လျှောက်ထားမယ့် နိုင်ငံတွေကြား မလေးရှားရဲ့ ဘူကစ် ဂျာလီ အမျိုးသား အားကစားကွင်းဟာ ပရိသတ် ၉၀၀၀၀ အထိ ဝင်ဆန့်ပြီး အင်ဒိုနီးရှားမှာ ဂီလိုရာ ဘွန်း ကာနို အားကစားကွင်းနဲ့ ဂျကာတာ နိုင်ငံတကာ အားကစားကွင်းစတဲ့ ပရိသတ် ၈၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ဘောလုံးကွင်း နှစ်ကွင်း ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းဟာ ပရိသတ် ၇၀၀၀၀ လောက် ဆံ့ပြီး စင်ကာပူရဲ့ အမျိုးသား အားကစားကွင်းကတော့ ပရိသတ် ၅၅၀၀၀ လောက်ကို နေရာချထား ပေးနိုင်ပါတယ်။

ကမ္ဘာ့ဖလား လက်ခံကျင်းပခွင့်ရရှိရေး ကြိုးပမ်းမှုအတွင်း ဗီယက်နမ်နိုင်ငံ မပါဝင်ဘဲ အားကစား အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကြောင့် ချန်လှပ်ထားခဲ့တာလို့ ဆိုပါတယ်။

ဗီယက်နမ်ရဲ့ မိုင် ဒင်း အမျိုးသား အားကစားကွင်းဟာ ပရိသတ် ၄၀၀၀၀ ကျော်ပဲ ဝင်ဆံ့ပြီး ဘောလုံးကွင်း သက်တမ်း ရင့်လာတာနဲ့ ခေတ်မမှီတော့တဲ့ ဒီဇိုင်းပုံစံတို့ကြောင့် လတ်တလော နှစ်တွေအတွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၄၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်း ၄၈ သင်း အနည်းဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲအဖြစ် တိုးချဲ့သွားမယ်လို့ မျှော်လင့်ရပြီး ပိုကြီးမားတဲ့ ဘောလုံးကွင်းတွေ အားကောင်းတဲ့ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေနဲ့ ပိုပြီး ကြီးမားတဲ့ အဆောက်အအုံတွေ လိုအပ်မှာ ဖြစ်ပါတယ်။

၂၀၄၆ ကမ္ဘာ့ဖလား လက်ခံ ကျင်းပမယ့် အိမ်ရှင် နိုင်ငံ ရွေးချယ်မှု လုပ်ငန်းစဉ်ကို ဖီဖာက ၂၀၃၁ ဝန်းကျင်လောက်မှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref:Khaosodenglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.