ဘန်ကောက်၊ ဇူလိုင် ၁၈

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လာအိုရှိ နမ် သီအွမ် -၁ ဆည်ရေဖောက်ချမှု ပိုများလာပြီးနောက် ထိုင်း အရှေ့မြောက်ပိုင်း ပြည်နယ် ၅ ခုအတွက် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မုတ်သုန်မိုးတွေ ဆက်တိုက် ရွာသွန်းမှုကြောင့် လာအိုရှိ သီအွမ်-၁ ဆည် ရေဖောက်ချမှု ပိုများလာပြီး မဲခေါင်မြစ်ရေ သိသိသာသာ မြင့်တက်လာနိုင်တဲ့အတွက် ကြိုတင် ပြင်ဆင်ထားကြဖို့ ထိုင်းအရာရှိတွေက အဲဒီ ပြည်နယ်တွေအတွက် သတိပေးချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ရဲ့ထိုင်းဖက်ခြမ်းမှာ ဇူလိုင် ၁၇ ရက်နဲ့ ၂၀ ရက်ကြားမှာ ရေမျက်နှာပြင် ၆၀ စင်တီမီတာကနေ ၁ ဒသမ ၃ မီတာအထိ မြင့်တက်လာနိုင်တယ်လို့ ထိုင်းအမျိုးသား ရေအရင်းအမြစ်ရုံးက ပြောပါတယ်။

ဘူအမ်ကမ်၊ နာခွမ် ဖာနွမ်၊ မူခဒါဟမ်၊ အန်နက် ချာရိုအန်နဲ့ အူဘွမ်ရတ် ဌာနီ ပြည်နယ်တို့အတွက် သတိပေးထားတာ ဖြစ်ပြီး အထူးသဖြင့် မြစ်ကမ်းဘေး မြေနိမ့်ပိုင်း ဒေသတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဘူအမ်ကမ်၊ ဘွမ်ခလာ၊ ဘူအန် ခုန်းလောင်း ဒေသတွေဟာ အနီးကပ် စောင့်ကြည့်ရမယ့် ဒေသတွေ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

သတိပေးချက် ထုတ်ပြန်ထားပေမယ့် ရေကြီးရေလျှံမှု ကျိန်းသေ ဖြစ်လာမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ မြစ်ကမ်းဘေး ဒေသတွေမှာ မြစ်ရေလျှံမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

မုတ်သုန်ရာသီနဲ့ ဆက်စပ်တဲ့ မိုးတွေ အဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် လာအိုရှိ အဲဒီ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်မှာ ရေမျက်နှာပြင် မြင့်တက်လာပြီး ရေဖောက်ချမှု အစီအစဉ်ကို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၆ ရက်က လာအိုအရာရှိတွေထံမှ ရရှိတဲ့ သတင်းအချက်အလက်တွေ အရ ရေထုတ်မြောင်းကနေ ဇူလိုင် ၁၇ ရက်အထိ ဖောက်ချသွားမယ်လို့ သိရပါတယ်။

မိုး နောက်ထပ် သည်းထန်စွာ ရွာသွန်းနေဦးမယ်ဆိုရင် နောက်ထပ် ရေဖောက်ချမှုတွေ ရှိလာနိုင်ပါသေးတယ်။

ကနဦး ရေဖောက်ချဖို့ စီစဉ်ထားတာက တစ်စက္ကန့်ကို ကုဗမီတာ ၂၀၀ လောက် ဖောက်ချမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်စက္ကန့်ကို ကုဗမီတာ ၁၀၀၀ နဲ့ ၂၅၀၀ ကြား ဖောက်ချဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

မဲခေါင်မြစ်ရေဟာ ဇူလိုင် ၁၇ရက်နဲ့ ၂၀ရက်ကြားမှာ သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ မျှော်လင့်ရကြောင်း ထိုင်းရေအရင်းအမြစ် အရာရှိတွေက ပြောထားပါတယ်။
Ref:The NationThailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.