ဝါရှင်တန်၊တီဟီရန် ၊ ဇူလိုင် ၂၀

အီရန်ကို ၉ ညဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ကြေညာထားချိန် ဇူလိုင် ၂၀ ရက် မနက်ပိုင်းက အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။

ကူဝိတ်က ဒရုန်းတွေကို ကြားဖြတ် တားဆီးခဲ့ရတယ်လို့ ပြောထားပြီး ဆီရီးယားရှိ ရန်သူ့ အမိန့်ပေး စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်က ပြောပါတယ်။

ဘာရိန်းရဲ့ လေကြောင်း သတိပေးစနစ် သတိပေးသံ ထွက်ပေါ်လာခဲ့ပြီး ဒေသခံတွေအနေနဲ့ အနီးဆုံး ဘေးကင်းရာနေရာတွေမှာ သွားရောက် ခိုလှုံကြဖို့ တိုက်တွန်းခဲ့ရကြောင်း ဘာရိန်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အီရန်ကို ၉ ည ဆက်တိုက် တိုက်ခိုက်မှုတွေ စတင်နေပြီ ဖြစ်ကြောင်း အမေရိကန် ဗဟို ကွပ်ကဲရေးဌာနက ဇူလိုင် ၁၉ ရက် ညပိုင်းက ကြေညာခဲ့ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ စီးပွားဖြစ် သင်္ဘောတွေနဲ့ အရပ်သား သင်္ဘောသားတွေအပေါ် အီရန် တိုက်ခိုက်နိုင်စွမ်းကို လျော့ကျသွားစေဖို့ ရည်ရွယ် တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။

အီရန် စစ်ပွဲ အဆုံးသတ်ရေး ရည်ရွယ်ခဲ့တဲ့ ကနဦး သဘောတူညီမှု ပျက်ပြယ်သွားပြီး ဟောမု့ဇ် ရေလက်ကြားနဲ့ ပတ်သက်တဲ့ လိပ်ခဲတည်းလည်း အခြေအနေကို ချိုးဖက်ဖို့ ရန်သူ နှစ်နိုင်ငံ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

အဲဒီ ရေလက်ကြားဟာ ကမ္ဘာ့ ရေနံထောက်ပံ့မှုအတွက် အဓိကကျတဲ့ ရေလမ်းကြောင်း တစ်ခု ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်က သူနဲ့ အနီးတဝိုက်ရှိ အမေရိကန် မဟာမိတ်တွေနဲ့ စစ်ဖက်ဆိုင်ရာ နေရာတွေကို ပြန်လည် တိုက်ခိုက်ခဲ့ ပါတယ်။

စစ်ပွဲ မတိုင်ခင်က ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ရေလက်ကြားကို အီရန်က ပိတ်ထားပြီး ဖြတ်သန်းသွားလာတဲ့ သင်္ဘော တချို့ကို တိုက်ခိုက်နေပါတယ်။

ဇူလိုင် ၁၈ ရက် အီရတ်မြောက်ပိုင်းကို အီရန် တိုက်ခိုက်မှုကြောင့် စစ်သား တစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

အဲဒီအချိန်မတိုင်ခင် ရက်က ဂျော်ဒန်ရှိ စစ်အခြေစိုက်စခန်း တစ်ခုမှာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သား နှစ်ဦး သေဆုံးပြီး နောက်တစ်ဦး ပျောက်ဆုံးနေပါတယ်။

အီရန်ရဲ့ တိုက်ခိုက်ရေး ဒရုန်းတစ်စီး လွှတ်ချလိုက်ပြီး မပေါက်ကွဲသေးတဲ့ ဖောက်ခွဲရေး ပစ္စည်းကို ရှင်းလင်းဖို့ ကြိုးပမ်းချိန်မှာ စစ်သား တစ်ဦး သေဆုံးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံ အယ်လ် တန့်ဖ် ဒေသရှိ ရန်သူ့ အမိန့်ပေး စင်တာ တစ်ခုကို အမှတ်မထင် တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဇူလိုင် ၂၀ ရက် မနက်စောစောပိုင်းက ပြောပါတယ်။

ကူဝိတ်ရှိ အမေရိကန် စစ်အခြေစိုက် စခန်း နှစ်ခုကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန် စစ်တပ်က ပြောပါတယ်။

တည်ဆောက်ဆဲ နျူကလီးယား ဓာတ်ပေး စက်ရုံ တစ်ခု အပါအဝင် ပို့ဆောင်ရေးနဲ့ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

ဇူလိုင် ၁၉ ရက်က ဂျော်ဒန်လည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီး ကြားဖြတ် ပစ်ချခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံသားတွေ သေဆုံးမှုအတွက် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၁၉ ရက် ညပိုင်းမှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စစ်ပွဲ စတင်ပြီးနောက်ပိုင်း အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန် စစ်သား ၁၇ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ မကြာသေးခင်က တိုက်ခိုက်မှုများကြောင့် လူ ၅၀ ကျော် သေဆုံးပြီး တခြား ၅၀၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အီရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဗျူဟာကျတဲ့ ဟောမု့ဇ် ရေလက်ကြားက ဖြတ်သန်းတဲ့ ရေနံတင်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြန်လည် စတင်လာခဲ့တာ ဖြစ်ပါတယ်။

အီရန်က ရေလက်ကြားကို ပိတ်ထားသလို အမေရိကန်ကလည်း အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ရေလက်ကြားက ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ သင်္ဘော နှစ်စီးကို တားဆီးခဲ့တယ်လို့ အီရန်က ဇူလိုင် ၁၉ ရက်က ပြောထားပါတယ်။

စစ်ပွဲအတွက် နိုင်ငံရေးအရ အဖြေရှာတွေ့မယ်ဆိုတဲ့ မျှော်လင့်ချက် မှေးမှိန်သွားပြီ ဖြစ်ပေမယ့် ကြားဝင် ညှိနှိုင်း ပေးသူတွေက နှစ်ဖက် ဆွေးနွေးကြဖို့ တိုက်တွန်း ထားပါတယ်။

Ref:AFP/BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.