မနီလာ၊ ဇူလိုင် ၁၇
ဖိလစ်ပိုင် နိုင်ငံသားတွေကို မျောက်အဖြစ် ပုံဖော်ထားတဲ့ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုကို ဖော်ပြမှုကြောင့် တရုတ်နိုင်ငံပိုင် China Daily သတင်းဌာနကို ဖိလစ်ပိုင်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
တရုတ် နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်ဟာ လူမျိုးရေးခွဲခြားမှု ဖြစ်ပြီး စော်ကားတဲ့ စိတ်ပျက်စရာကောင်းတဲ့ လက်မခံနိုင်စရာ ပုံရိပ်တွေဖြစ်ကြောင်း ဖိလစ်ပိုင်က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်မှာ China Daily သတင်းဌာနရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားတဲ့ အဲဒီ ဗီဒီယိုဖိုင်ကို ဖြုတ်ချပေးဖို့လည်း ဖိလစ်ပိုင်က တောင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးပေးဖို့ မနီလာမြို့ရှိ တရုတ်သံရုံးထံ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ ဗီဒီယိုမှာ အမေရိကန်နဲ့ ဂျပန်တို့က သီဆိုခိုင်းထားတဲ့ စားသားတွေအတိုင်း သီဆိုနေကြတဲ့ ဖိလစ်ပိုင် အဝတ်အစားနဲ့ မျောက်တွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုက အဲဒီ ဗီဒီယိုဟာ စက်ဆုပ်ဖွယ်ရာ ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။
တောင်တရုတ်ပင်လယ်ကို တရုတ် ပိုင်ဆိုင်ကြောင်း ပြောဆိုမှုကို နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ပယ်ချခဲ့တဲ့ ၁၀ နှစ်ပြည့်နေ့မှာ ဖိလစ်ပိုင်နိုင်ငံသားတွေကို တရုတ် နိုင်ငံပိုင်မီဒီယာက အခုလိုမျိုး တိုက်ခိုက်ခဲ့တာပါ။
နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးရဲ့ ၂၀၁၆ ဆုံးဖြတ်ချက်ကို တရုတ်က ပယ်ချပြီး တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေပါတယ်။
တရုတ်ရဲ့ နောက်ဆုံး လုပ်ရပ်ဟာ လူသားအဆင့်အတန်း လျှော့ချ ဖော်ပြတာ ဖြစ်ပြီး တရုတ်ဟာ လုံခြုံမှု မရှိသလို ယုံကြည်စိတ်ချရတဲ့ အိမ်နီးချင်း မဟုတ်ကြောင်း ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။
တရုတ်က ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး တောင်တရုတ် ပင်လယ်မှာ နှစ်နိုင်ငံ တင်းမာမှုတွေ မြင့်တက်နေချိန် ဖိလစ်ပိုင်ရဲ့ အခုလို ကန့်ကွက်ရှုတ်ချမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
တရုတ် သင်္ဘောတွေက ဖိလစ်ပိုင် သင်္ဘောတွေကို ရန်လိုတဲ့ အပြုအမူတွေ ရှိနေပြီး မီးသတ်ပိုက်နဲ့ ထိုးတာ၊ သင်္ဘောကို ဝင်တိုက်တာတွေ လုပ်ဆောင်နေပါတယ်။
ဖိလစ်ပိုင် နိုင်ငံသားတွေကို မျောက်တွေအဖြစ် ပုံဖော်ထားတဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြစ်တင် ရှုတ်ချထား ပါတယ်။
သူပိုင်ကိုယ်ပိုင် ဖြစ်ကြောင်း ပြောဆိုနေကြတဲ့ စကာဘိုရော့ ရေအောက် သောင်သို့ ဝင်ပေါက် နေရာမှာ တရုတ်က ရေမျှော အတားအဆီး တစ်ခု ချထားခဲ့ပြီး ဖိလစ်ပိုင်က ကန့်ကွက်ပြီးနောက်မှာ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
တောင်တရုတ် ပင်လယ် တစ်ခုလုံးနီးပါးကို သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ တရုတ်ဟာ မလေးရှား အပါအဝင် တခြား နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။
တရုတ် ကွန်မြူနစ် ပါတီရဲ့ မကြာသေးခင်က အရူးထတဲ့ လုပ်ရပ်ဟာ လျစ်လျူရှုထားဖို့ မဖြစ်နိုင်လောက်အောင် ရှင်းလင်းလွန်းနေတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။
တရုတ်ဟာ ဒေသတွင်း ဗိုလ်ကျစိုးမိုးလိုတဲ့ အပြုအမူတွေ ပိုမို ပြသလာနေပြီး ဂျပန် အပါအဝင် တခြား နိုင်ငံတွေနဲ့လည်း တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ဂျပန်တို့ ပူးပေါင်းပြီး တရုတ်ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်နေပြီး တရုတ်က ကန့်ကွက်ထားပါတယ်။
Ref:Reuters

