ဝါရှင်တန်၊ ဇူလိုင် ၁၆

နိုင်ငံတကာက နှစ်များစွာကြာ အမေရိကန်ကို ပိုသဘောကျခဲ့ကြပေမယ့် အခုနှစ် အတွင်း တရုတ်နဲ့ သမ္မတ ရှီကျင့်ဖျင်ကို ပို သဘောကျလာကြောင်း Pew သုတေသန စင်တာရဲ့ စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါက ထရန့် အစိုးရနဲ့ အမေရိကန် မဟာမိတ်တွေကြား တင်းမာမှုတွေနဲ့ တစ်စိတ်တစ်ပိုင်း ဆက်စပ်နေဖွယ်ရှိကြောင်း သိရပါတယ်။

စစ်တမ်း ကောက်ယူခဲ့တဲ့ နိုင်ငံနဲ့ နယ်နိမိတ်ပေါင်း ၃၆ ခုမှာ ၂၅ ခုက အမေရိကန်ထက် တရုတ်ကို ပိုသဘောကျကြောင်း ဖြေကြားထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ မေလကြားမှာ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပြီး ကနေဒါနဲ့ မက္ကစီကိုတို့ အပါအဝင် နိုင်ငံအများက တရုတ်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ကို ပိုသဘောကျကြောင်း ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၆ နိုင်ငံကပဲ အမေရိကန်ကို အကောင်းသဘော ရှုမြင်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန် အပါအဝင် ဥရောပ အင်အားကြီး နိုင်ငံတွေ၊ ကနေဒါနဲ့ မက္ကစီကို အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံက အမေရိကန်နဲ့ ထရန့်ထက် တရုတ်နဲ့ ရှီကျင့်ဖျင်ကို ပိုသဘောကျကြောင်း ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံတော်တော်များများမှာ နေထိုင်သူတွေအနေနဲ့ နှစ်ယောက်စလုံး အပေါ် ယုံကြည်မှု လျော့နည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

ဒါက နှစ်ပေါင်း ၂၀ နီးပါးအတွင်း အမေရိကန်ထက် တရုတ်ကို ပိုသဘောကျကြောင်း နိုင်ငံအများရဲ့ ပထမဆုံး သဘောထား ဖော်ပြမှု ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဟာ အလှမ်းဝေးကွာတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်လာပြီး အမေရိကန်အပေါ် ကမ္ဘာကြီးရဲ့ အမြင်က ချဉ်တူးလာနေပြီ ဖြစ်ပြီ ဖြစ်ကြောင်း Pew အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောထား ကောက်ယူရေး သုတေသီ တစ်ဦး ဖြစ်တဲ့ လော်ရာ ဆေးလ်ဗားက ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်ဖြစ်ပွားလာပြီး အမေရိကန်က ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ကူညီမပေးဘဲ ဒေါ်နယ် ထရန့်အပေါ် ယုံကြည် စိတ်ချလို့မရဘူးဆိုတဲ့ သဘောထားများ ထွက်ပေါ်လာတာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဂရင်းလန်းဒေသကို သိမ်းယူမယ်လို့ ထရန့် ပြောဆိုမှု၊ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဖမ်းဆီးမှုနဲ့ ဂါဇာ ကမ်းမြောင်ဒေသရှိ အစ္စရေး-ဟားမာ့စ် စစ်ပွဲကို ကိုင်တွယ် ဖြေရှင်းပုံတို့ကြောင့် နိုင်ငံအများမှာ ဒေါ်နယ် ထရန့် အပေါ် ထောက်ခံမှု လျော့ကျခဲ့တာ ဖြစ်ကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

မကြာသေးခင် လတွေက အမေရိကန်အနေနဲ့ တစ်ကမ္ဘာလုံးနဲ့ စေ့စပ်ရေး ဆောင်ရွက်မှုတွေ အများကြီး လုပ်ဆောင်ထားပေမယ့် နိုင်ငံတကာက အပြုသဘော ရှုမြင်မှု မရှိ ဖြစ်နေတာ ဖြစ်ကြောင်း လေ့လာမှုမှာ တွေ့ရပါတယ်။

ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်လို့ မေ့မေ့ပျောက်ပျောက် ရှိလာကြတဲ့အချိန်မှာ အမေရိကန်နဲ့ နှိုင်းယှဉ်ရင် တရုတ်ကို နိုင်ငံအများက ပိုသဘောကျလာကြတာ ဖြစ်တယ်လို့ လော်ရာ ဆေးလ်ဗားက ဆိုပါတယ်။

တရုတ်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ကူညီ ပေးနေတယ်လို့ နိုင်ငံအများက ရှုမြင်ကြပြီး ပိုမို ယုံကြည်ရတဲ့ လက်တွဲ ဖြစ်တယ်လို့ ရှုမြင်ကြကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

မကြာသေးခင် နှစ်တွေအတွင်း အမေရိကန် မဟာမိတ် နိုင်ငံတွေကြား အမေရိကန် အပေါ် သဘောထား ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ကနေဒါ နိုင်ငံသားတွေကြား ထရန့်အပေါ် မကျေနပ်ချက် ပိုများလာနေပြီး ထရန့်က ပြီးခဲ့တဲ့ နှစ်အတွင်း ကနေဒါကို အခွန်တိုးမြှင့် ကောက်ခံခဲ့သလို အမေရိကန်ရဲ့ ၅၂ ခုမြောက် ပြည်နယ် ဖြစ်သွားနိုင်တယ်လို့တောင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဆွီဒင်၊ နယ်သာလန်နဲ့ အီတလီတို့ အပါအဝင် အဓိက ဥရောပ နိုင်ငံတွေကလည်း အမေရိကန်အပေါ် အမြင် ပြောင်းလဲလာကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

အစ္စရေး နိုင်ငံသားတွေကြားမှာတောင် အမေရိကန်ကို အကောင်းမြင်သူ နည်းပါးကြောင်း လေ့လာမှုမှာ တွေ့ရှိရပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.